Monday, April 16, 2012

Nature + labour power = value

လွန်ခဲ့တဲ့ ၂ပတ်လောက်က အစ်မအရင်းအချာတမျှ ချစ်ခင်ရတဲ့ အင်္ဂလန်ရောက် အစ်မတစ်ယောက်နဲ့ စကားလက်ဆုံကြမိပါတယ်။ အစ်မက "မောင်လေး၊ ဒီနေ့ ဘာတွေလုပ်ဖြစ်လဲ" တဲ့။ ဘာမှမလုပ်ဖြစ်ဘူး လို့ ပြန်ဖြေလိုက်တယ်။ တကယ်လည်း ဟုတ်တယ်။ ဟိုဟာလုပ်ရကောင်းနိုးနိုး၊ ဒီဟာလုပ်ရ ကောင်းနိုးနိုးနဲ့ ယောင်ဝါးဝါးဖြစ်ပြီး အချိန်တွေကုန်သွားတာ ၂ရက်တောင် ရှိခဲ့တယ်။ အဲဒီတော့ အစ်မက "တစ်ခုခုတော့ လုပ်မှပေါ့"တဲ့။ အဲဒါနဲ့ အဲဒီညနေမှာပဲ Physical Exercise လုပ်ဖြစ်အောင် လုပ်လိုက်မိပါတယ်။ Physical Exercise ဘာလို့လုပ်လဲ။ ကျန်းမာချင်လို့။ ဘာလို့ကျန်းမာချင်တာလဲ။ ရှင်းပါတယ် အဖြေက။ အသက်ရှည်ချင်လို့ပါ။ အသက်ရှည်ချင်တာ ကျွန်တော်တစ်ယောက်ပဲလား။ မဟုတ်ပါဘူး။
လူတိုင်းကို အသက်ရှည်ချင်သလားလို့ မေးရင် ရှည်ချင်တယ်လို့ပဲ ဖြေကြမှာပါ။ သေသွားပြီးရင်လည်း လူ့ဘ၀ ပြန်ရချင်ကြတယ်။ ဘာအတွက် အသက်ရှည်ချင်ကြသလဲ။ အသက်ရှည်ရင်လည်း တန်ဖိုးရှိတဲ့ အသက်ရှည်ခြင်း ဖြစ်ဖို့လိုပါတယ်။ age (သို့) life ဆိုတာ မွေးဖွားခြင်းကနေ သေဆုံးခြင်းဆိုတဲ့ အကြောင်းတရားနှစ်ခုကြားက အချိန်ပါပဲလို့ သဘောပေါက်မိပါတယ်။ ယခု ကျွန်တော့်အသက် ၂၉နှစ် ရှိပြီ။ အဲဒါဟာ အချိန်ပါပဲ။ အချိန်ဆိုတာကရော ဘာလဲ။ အချိန်ဆိုတာ သဘာဝတရားတစ်ခုပါပဲ။ အဲဒီမှာ ကားလ်မတ် (Karl Marx) ရေးတဲ့ ဒဿတွေထဲက "Nature+labour power = value" (သဘာဝ+လုပ်အား=တန်ဖိုး) ဆိုတဲ့ တစ်ခုကို သွားသတိရမိပါတယ်။ ဒီ ဒဿနကို ကျွန်တော် တော်တော်လေး သဘောကျမိပါတယ်။ Labour power ဆိုတဲ့ စကားလုံးဟာ ကာယလုပ်အားပဲ ဆိုလိုတာမဟုတ်ပါဘူး။ ၀ီရိယအား၊ ဥာဏအားတို့ကိုလည်း ထည့်တွက်ရပါမယ်။


ကျွန်တော်တို့နိုင်ငံမှာ ကျွန်းပင်ကြီးတွေရှိတယ်။ ကျွန်းတောကြီးတွေရှိတယ်။ သူတို့ပေါက်နေတာဟာ သဘာဝတရားပါပဲ။ အဲဒီ ကျွန်းပင်ကြီးတွေကို ဘာမှ မလုပ်ဘဲထားရင် ဘယ်သူ့အတွက်မှ တန်ဖိုးမရှိပါဘူး။ ဒါပေမယ့် အဲဒီကျွန်းပင်တွေကို ခုတ်လှဲခြင်း၊ ဖြတ်တောက်ခြင်းလို့ခေါ်တဲ့ လုပ်အားနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာ တန်ဖိုးကြီးမားတဲ့ မြန်မာ့ကျွန်းဆိုပြီး ဖြစ်လာပါတယ်။ အဲဒီကျွန်းသစ်လုံးကြီးတွေကို တရုတ်နိုင်ငံက အများဆုံးဝယ်ပါတယ်။ အဲဒီကျွန်းသစ်လုံးကြီးတွေကို ခွဲစိတ်ဖြတ်တောက်ခြင်းဆိုတဲ့ ကာယလုပ်အား၊ ပညာလို့ခေါ်တဲ့ ဥာဏအားတွေပေါင်းစပ်ပြီး လုပ်လိုက်တော့ ယခင်က ကျွန်းသစ်လုံးကြီးတွေထက် အဆများစွာ တန်ဖိုးကြီးတဲ့ ပရိဘောဂတွေအဖြစ်နဲ့ ကမ္ဘာနိုင်ငံတွေကို ပြန်ရောင်းပါတယ်။ ထိုနည်းတူစွာပဲ ကျွန်တော်တို့ တိုင်းပြည်မြေအောက်မှာ ရေနံတွေ၊ သဘာဝဓာတ်ငွေ့တွေ ရှိတယ်။ သူတို့ကို သဘာဝအတိုင်းထားရင် ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး။ ဒါပေမယ့် အလုပ်သမားတွေရဲ့ လုပ်အား၊ စက်ကိရိယာတွေရဲ့ အကူအညီ၊ တူးဖော်ခြင်းနည်းပညာလို့ခေါ်တဲ့ ဥာဏလုပ်အားတွေနဲ့ ပေါင်းစပ်ပြီး တူးဖော်လိုက်တဲ့အခါမှာ Black Gold လို့ တင်စားခေါ်ဝေါ်ရလောက်အောင် တန်ဖိုးရှိတဲ့ ရေနံစိမ်းတွေရလာတယ်။ ကျောက်မျက်ရတနာတွေလည်း ထိုနည်း၎င်းပါပဲ။


လူတွေ၊ သက်ရှိသတ္တ၀ါတွေ အသက်ရှင်ဖို့ oxygen လို့ခေါ်တဲ့ လေကို ရှုကြရတယ်။ အဲဒီလေဟာ သဘာဝတရားအဖြစ်နဲ့ ကျွန်တော်တို့ ကမ္ဘာပေါ်မှာ ရှိနေတယ်။ အလကားရပါတယ်။ အသက်ရှုဖို့ လေကို ၀ယ်ယူစရာမလိုပါဘူး။ သို့သော် လေထိုး/ ကျွတ်ဖာဆိုင်တစ်ဆိုင် ၀င်ပြီး "ခင်ဗျားဗျာ၊ လေများအလကားရနေတာပဲ၊ ကျွန်တော့်ဆိုင်ကယ်ဘီး လေ အခမဲ့ ဖြည့်ပေးပါလား" သွားပြောကြည့်ပါ။ အရိုက် မခံရရင် ကံကောင်းပါပဲ။ ဘာဖြစ်လို့လဲ။ လုပ်အားပေါင်းစပ်ထားလို့ပါ။ အဲဒီတော့ ကားလ်မတ်ရဲ့ "Nature+Labour power = value" ဆိုတာ သိပ်ကို မှန်နေတယ်ဆိုတာ ငြင်းဖို့မလိုတော့ပါဘူး။


ကျွန်တော်တို့ လူအဖြစ်ကို ရထားတယ်။ မွေးလာတုန်းက အားလုံးဟာ အတူတူပဲ။ သမ္မတကြီး၊ သိပ္ပံပညာရှင်ကြီး၊ သူတောင်းစား ဆိုပြီး မွေးလာကြတာမဟုတ်ပါဘူး။ အသက်ရှင်နေသမျှကာလပတ်လုံး အချိန်ကို လူတိုင်းကိုယ်စီ ရထားတယ်။ အဲဒီ အချိန်လို့ခေါ်တဲ့ သဘာဝတရားကို လုပ်အား ဘယ်လောက် ပေါင်းစပ်သလဲပေါ်မူတည်ပြီး အသက်ကြီးလာတဲ့အခါမှာ လူတွေရဲ့တန်ဖိုးဟာလည်း တစ်ယောက်နဲ့တစ်ယောက် ကွာသွားတာပါပဲ။ ကျွန်တော်တို့ ပညာသင်သားလောကကို ကြည့်ကြရင် Mark Zuckerberg ဟာ တက္ကသိုလ်ကျောင်းသားဘ၀မှာတင် အခုကျွန်တော် ဒီဆောင်းပါးကို ရေးတင်နေတဲ့ တစ်ကမ္ဘာလုံးမှာ အကြီးဆုံးဖြစ်တဲ့ facebook လူမှုကွန်ရက်ကြီး တီထွင်ခဲ့သူဖြစ်ပါတယ်။ သူဟာ ကျောင်းသားလူငယ်တို့ သဘာဝ သူများနည်းတူ အပျော်အပါးနဲ့ အချိန်ကုန်မနေဘဲ၊ ရထားတဲ့ အချိန်တွေကို စိတ်ကူးစိတ်သန်း (imagination) လို့ခေါ်တဲ့ ဥာဏအား၊ လက်တွေ့အကောင်အထည်ဖော်ခြင်းဖြစ်တဲ့ လုပ်အားတွေနဲ့ ပေါင်းစပ်အကောင်အထည်ဖော်ခဲ့လို့ အခုဆိုရင် ဘီလီယံနာလေးတစ်ယောက် ဖြစ်နေပါပြီ။ အများအတွက်လည်း အကျိုးရှိတဲ့ အဖိုးတန်လူတစ်ယောက်အဖြစ် အသိအမှတ်ပြုခံနေရပါပြီ။


စာရေးဆရာကြီး ဦးအောင်သင်းက သူထောင်ကျနေတုန်း သခင်ကျော်စိန်ဆီမှာ အင်္ဂလိပ်စာသင်လာရပုံကို စာပေဟောပြောပွဲတစ်ခုမှာ ပြောပြတာ သွားသတိရမိတယ်။ ထောင်ထဲမှာဆိုတော့ ကျွန်တော်တို့လို syllabus နဲ့ ကျကျနန သင်ခဲ့ရတာမဟုတ်။ စသင်ရတဲ့ စာအုပ်ကလည်း Burmese economic life ဆိုတဲ့ တက္ကသိုလ်မှာ ပြဌာန်းထားတဲ့ စာအုပ်။ ၄လလောက်အကြာမှာ သူဟာ Reader's Digest မဂ္ဂဇင်းကို ကောင်းကောင်း ဖတ်နိုင်ပြီ။ အဲဒီနောက် သူ ထောင်က ထွက်ပြေး၊ ဆယ်တန်းဖြေ၊ တက္ကသိုလ်တက်၊ အင်္ဂလိပ်လိုပြောရတဲ့ စကားရည်လုပွဲမှာ The best speaker ရခဲ့တဲ့အကြောင်း ပြောပြတယ်။ ဆိုလိုချင်တာက ထောင်ကျနေပေမယ့် အင်္ဂလိပ်ဘာသာ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ အတူတူနေရတဲ့ အခွင့်အရေးနဲ့ အချိန်ကို ၀ီရိယအားနဲ့ ပေါင်းပြီး ကောင်းကောင်း အသုံးချခဲ့လို့ အင်္ဂလိပ်ဘာသာ တတ်ကျွမ်းတဲ့ တန်ဖိုးတစ်ခု သူ့မှာ တိုးလာတာပါပဲ။ အင်္ဂလိပ်ဘာသာစကား သိပ်စိတ်ဝင်စားတဲ့ ကျွန်တော်က သူ့ပြောတာကို နားထောင်ပြီး '' ငါ အင်္ဂလိပ်ဘာသာစကားကို သူငယ်တန်း စ,နေရကတည်းက syllabus နဲ့ ကျကျနန သင်လာရတာ။ အခုအချိန်အထိလည်း ဒီဘာသာစကားနဲ့ နေ့စဉ် ထိတွေ့နေရတယ်။ ဒါပေမယ့် language ရဲ့ 4 skills မှာ ဘယ် skill မှ ဟုတ်တိပတ်တိ မရှိသေးဘူး" လို့ ပြန်တွေးမိပြီး ကိုယ့်ကိုယ်ကို ရှက်မိပါတယ်။ "ငါ့ဘ၀ရဲ့ ရထားတဲ့ အချိန်တွေကို လုပ်အား ပေါင်းထည့်တာ သိပ်နည်းနေသေးလို့ပဲ" လို့လည်း သုံးသတ်မိပါတယ်။ အဲဒီတော့ ကားလ်မတ်ရဲ့ Nature+labour power = value ဆိုတဲ့ equation ကို ကွန်ပြူတာ desktop မှာ တင်ထားပြီး ပျင်းတဲ့စိတ်ပေါ်လာတိုင်း ကိုယ့်ကိုယ်ကို သတိပေးနှိုးဆွနေရပါတော့တယ်။


မှတ်ချက်။ ။ facebook တွင်ရေးခဲ့သော post အဟောင်းကို ပြန်တင်ခြင်းမျှသာ ဖြစ်သည်။

သိပ်လှတာပဲ



"Beauty Without Virtue Is Like A Flower Without Perfume."
"မြင့်မြတ်ခြင်းကင်းသော အလှတရားသည် ရနံ့ကင်းမဲ့သောပန်းကဲ့သို့ ဖြစ်ချေသည်။"  ဒီစကားကို မည်သူပြောခဲ့ပါသနည်း။ ထိုသူကား အခြားမဟုတ်။ ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းပင် ဖြစ်တော့သည်။ အိုင်းစတိုင်းကို ကျွနိုပ်လေးစားအားကျမိသည်ကား ကြီးကျယ်ခန်းနားသော ဦးနှောက်ပိုင်ရှင် ဖြစ်သောကြောင့်သာမဟုတ်။ မြင့်မြတ်သော၊ လှပသော နှလုံးသားပိုင်ရှင်လည်း ဖြစ်သောကြောင့်တည်း။ ပညာရှင်ကြီးအား လေးစား အားကျမိသည့်အလျှောက် သူ၏ အတ္ထုပ္ပတ္တိကိုသာမက သူရေးသားခဲ့သော မှတ်ဖွယ်မှတ်ရာ ထိုထိုစာများ၊ စကားများကို လက်လှမ်းမီသလောက် ရှာဖွေဖတ်ကြည့်မိသည်။ ထိုသို့ ဖတ်ရှုခဲ့ရသော စာများ၊ စကားများထဲမှ အထက်ပါ "Beauty Without Virtue Is Like A Flower Without Perfume." သည် ကျွနိုပ်ရင်ထဲသို့ ထိုးဖောက်စိမ့်ဝင်သွားပါသည်။ စကားလှသလောက်၊ တစိမ့်စိမ်တွေးလျှင် တရေးရေးပေါ်လောက်အောင် အဓိပ္ပာယ်ရှိလှပါသည်။
 **********************************************
လောကတွင် သူတစ်ပါးတို့၏အကျိုး၊ လူ့အဖွဲ့အစည်း၏အကျိုးကို သူတော်ကောင်းစိတ်ထားအပြည့်ဖြင့် အပတ်တကုတ် ကြိုးပမ်းအားထုတ်နေကြသော ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများစွာ ရှိပါသည်။ သို့သော် သူတစ်ပါးအကျိုးကို မည်မျှပင် ကောင်းအောင် ရွက်သယ်ပိုးစေကာမူ လောက၏သဘောအတိုင်း ကဲ့ရဲ့ခံရမှုကား မကင်းချေ။ သူတစ်ပါး၏အကျိုး၊  လောက၏အကျိုးကို မိမိကိုယ်တိုင်က အားမထုတ်၊ သူတစ်ပါးတို့ ပြုလုပ်နေသည်ကိုလည်း အပြစ်ရှာ၊ ရှုံ့ချဝေဖန်တတ်ကြသည့် ပုဂ္ဂိုလ်တို့လည်း ရှိလေသည်။ ဤတွင် မိမိဖတ်ဖူးသည့် မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး ၁၃၁၅ခု ပြာသိုလရက်စွဲဖြင့် ရေးသားခဲ့သည့် စာကို သွားသတိရမိသည်။
ဆရာတော်ဘုရားကြီးကား ကျမ်းဂန်ဋီကာ မြောက်များစွာတို့ကို ရေးသားခဲ့သော သာသနာ့နေမင်းတစ်ဆူ ဖြစ်ခဲ့သည်။ ထိုအချိန်က ဆရာတော်နှင့်ခေတ်ပြိုင် ရဟန်းတော်များထဲမှ ပုထုဇဉ်တို့ သဘာဝအတိုင်း မိမိထက်သာလျှင် မနာလိုမရှုစိမ့်ဖြစ်ကာ ဆရာတော်ကြီးရေးသားသည့် စာများကို ပြစ်တင်ဝေဖန်ကဲ့ရဲ့ကြသည့် ရဟန်းတို့လည်း ရှိခဲ့သည်။ ထိုအကြောင်းကို ဆရာတော်ဘုရားကြီး ကြားသိတော်မူ၍
“ဤဘာသာဋီကာ၊ အမည်သာသည်၊ မှီရာသိပ်သည်း၊ နိဿရည်း၌၊ သတိကင်းပေါ့၊ မော့လျော့ခြင်းကြောင့်သော်လည်းကောင်း၊ စိတ်ဆတ်ခြောက်ခြား လွင့်ပါးခြင်းကြောင့်သော်လည်းကောင်း၊ ဖောက်ပြန်ချွတ်ယွင်း၊ ယုတ္တိကင်းသော အကြင်စကားကို ငါသည် အကယ်၍ ဆိုမိငြားအံ့။ ထိုမှားလတ် စကားရပ်ကို ကရုဏာမှု၊ မေတ္တာပြု၍ ရှုလေ့ရှုထ၊ ရှိကြကုန်သော အဘိဇ္ဈာကင်း၊ ဣဿာရှင်း၍၊ ၀မ်းတွင်းစိတ်ကောင်း၊ သူတော်ကောင်းအပေါင်းတို့သည် မိမိစီရင်၊ ကျမ်းအသွင်သို့၊ ပြင်ဆင်ကာ ရှုနိုင်ကြပါစေသတည်း” ဟု ရေးသားတော်မူခဲ့ပါသည်။

ကျွနိုပ် အလွန်သဘောကျပြီး “သိပ်လှတာပဲ” ဟု ရင်ထဲမှာ ရေရွတ်မိပါသည်။
 *********************************************************************
            ကျွနိုပ် စမားလင်းမြို့ကိုရောက်ခါစတုန်းက ရုရှားဘာသာစကားသင်ပေးသည့် ဆရာမကြီးကဖတ်ခိုင်း၍ ဖတ်ခဲ့ရသော ပုံပြင်လေးတစ်ပုဒ်ကို သတိရနေမိသည်။ ရုရှားဘာသာစကား သင်ခါစဖြစ်၍ သိပ်နားမလည်လှ။ ပုံပြင်၏အနှစ်သာရကို ရှင်းရှင်းလင်းလင်းသိလိုသောကြောင့် ခေါင်းစဉ်ကို ဘာသာပြန်၍ အင်တာနက်ထဲတွင် လိုက်ရှာကြည့်ရာ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် မူရင်း ပုံပြင်ကို သွားတွေ့သည်။ ထိုပုံပြင်ကို ဆီလျှော်အောင်ဘာသာပြန်ရလျှင် ဤသို့ဖြစ်သည်…
            တရံရောအခါက အဖိုးအိုတစ်ယောက်သည် ပင်လယ်ခရီးတစ်ခုသွားရာ သဘောင်္ပေါ်တွင် လူငယ်တစ်ဦးနှင့်တွေ့ပြီး ခရီးတစ်လျှောက်လုံး စကားစမြည် ပြောဖြစ်ခဲ့ကြသည်။ ထိုလူငယ်ကား တက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်နေသည်။  အဖိုးအိုသည် ထိုလူငယ်ပညာတတ်ထံသို့ ညတိုင်းသွား၍ စကားပြောရင်း ပညာတစ်ခုခု လေ့လာရန်ကြိုးပမ်းသည်။

            သဘောင်္စထွက်သော ပထမည….
ပါမောက္ခလူငယ်။   ။ အဖိုးကြီး၊ ဂျီအိုလော်ဂျီ (geology)ဆိုတာ ဘာလဲ သိလားဗျ။
 အဖိုးအို။             ။ ပါမောက္ခကြီးရယ်၊ ကျုပ်က ကျောင်းတောင် မနေခဲ့ရပါဘူးဗျာ။ ဂျီအိုလော်ဂျီဆိုတာ ကြားတောင် မကြားဖူးပါဘူး။ အဲဒါဘာခေါ်သလဲ ပါမောက္ခကြီး ရှင်းပြပေးပါလား။
ပါမောက္ခ။            ။ခင်ဗျားဗျာ၊ သိပ်သနားစရာကောင်းနေပြီ။ ဂျီအိုလော်ဂျီဆိုတာလေးတောင်  မသိဘူး။  ဂျီအိုလော်ဂျီဆိုတာ ကမ္ဘာကြီးကို လေ့လာတဲ့ ပညာရပ်ဗျ။ ဂျီအိုလော်ဂျီမှ မသိရင် ခင်ဗျားအသက် ၄ပုံတစ်ပုံ ကုန်ပြီလို့သာ မှတ်။
ပါမောက္ခ၏စကားကြောင့် အဖိုးအိုမှာ မိမိ၏အသက် ၄ပုံတစ်ပုံအလဟဿကုန်ခဲ့ရပြီဆိုပြီး စိတ်မကောင်းဖြစ်သွားသည်။

            ဒုတိယည... ရေနက်ပိုင်းသို့ရောက်လာပြီ။ ပါမောက္ခလူငယ်လေးသည် ကြယ်တာရာတို့ စုံလင်ပြီး အလှပေါင်းခနေသော ကောင်းကင်ကြီးကို ငေးမေးကြည့်နေသည်။ ထိုအခိုက် အဖိုးအို သူ့ထံရောက်လာသည်။
ပါမောက္ခ။            ။ အဖိုးကြီး၊ အိုရှင်နိုလော်ဂျီ (Oceanology)ဆိုတာ ဘာလဲသိလား။
အဖိုးအို။  ။ ပါမောက္ခကြီးရယ၊် ကျုပ်က သာမန်လူတစ်ယောက်ဆိုတော့ အိုရှင်နိုလော်ဂျီဆိုတာလဲ မသိပါဘူးဗျာ။ အဲဒါပါလဲ။
ပါမောက္ခ။            ။ခက်တာပဲဗျာ...ခင်ဗျားတော့။ အခုကျုပ်တို့ သမုဒ္ဒရာခရီးသွားနေတာတောင် ခင်ဗျားက သမုဒ္ဒရာတွေရဲ့ အကြောင်းကို လေ့လာတဲ့ အိုရှင်နိုလော်ဂျီကို မသိဘူးဆိုတော့ ခင်ဗျားသက်တမ်းရဲ့ တစ်ဝက်က အလကားဖြစ်ပြီဗျ။
အဖိုးကြီး ငိုင်သွားသည်။

            တတိယည… ကောင်းကင်တွင် ယခင်ညလို ကြယ်စင်တို့ မလင်းလက်တော့။ မှုန်ပြာဝေသည့်တိမ်လွှာတို့ လွှမ်းနေသည်။ အဖိုးအိုမှာ ဇွဲမလျှော့သေး။ လူငယ်ပညာတတ်ထံ ချဉ်းကပ်ပြန်သည်။
ပါမောက္ခ။            ။ အဖိုးကြီး မ်ီတီရိုလောဂျီ (Meterology)ဆိုတာ သိလား။
အဖိုးအို။  ။အဲဒါလည်း မသိဘူး ပါမောက္ခကြီး။
ပါမောက္ခ။  ။ခင်ဗျားနှယ်၊ မ်ီတီရိုလော်ဂျီလည်းမသိ၊ အိုရှင်နိုလော်ဂျီလည်းမသိ၊ ဂျီအိုလော်ဂျီဆိုတာလဲမသိ။ တော်တော်ခက်နေပြီ။ မီတီရိုလော်ဂျီဆိုတာ ကောင်းကင်ကြီးနဲ့ မိုးလေ၀သအခြေအနေကို လေ့လာတဲ့ ပညာရပ်ဗျ။ ခင်ဗျားအသက်တော့ ၄ပုံ၃ပုံ ဆုံးပြီသာမှတ်။
အဖိုးအိုမှာ မိမိအသက် ၄ပုံ၃ပုံတောင် ဆုံးရပြီဟု တွေးပြီး စိတ်မကောင်းကြီးစွာဖြင့် မိမိနေရာသို့ လှည့်ပြန်သွားသည်။

စတုတ္ထည…. ကောင်းကင်မှာ တိမ်စိုင်တိမ်ရိပ်တို့ တလိပ်လိပ်ထပ်ကာ မိုးစရွာလေပြီ။ လေတိုက်နှုန်းလည်း ပြင်းထန်လာပြီ။ ပါမောက္ခလူငယ်သည် မုန်တိုင်း၏  အငွေ့အသက်ကို စတင်ခံစားမိပြီး စိုးရွံ့စိတ်တို့ဝင်လာသည်။ ထိုအခိုက် အဖိုးအို အပြေးတစ်ပိုင်းနှင့် ရောက်လာသည်။
အဖိုးအို။  ။ပါမောက္ခကြီး၊ ဆွင်မိုလော်ဂျီ(Swimmology)ကို သိလား။
ပါမောက္ခ။            ။ အဖိုးကြီးကလည်းဗျာ၊ ကျုပ်ဖြင့် တက္ကသိုလ်မှာ ပညာရပ်ပေါင်းစုံသင်ခဲ့လှပြီ။ ပညာရပ်တော်တော်များများလည်း သိပါတယ်။ ဒါပေမယ့် ဆွင်မိုလောဂျီဆိုတာကြီးတော့ မကြားဖူးပါဘူးဗျာ။ ခင်ဗျားနှယ် ပေါက်ပေါက်ရှာရှာ မေးတတ်ပေတယ်။

လေမုန်တိုင်းဝင်လာပြီ။ မုန်တိုင်းနှင့်အတူ မိုးထစ်ချုန်းသံကြီးများကလည်း ကြောက်ခမန်းလိလိ။ လျှပ်စီးလက်လိုက်တိုင်း မြင်ရသော တိမ်တိုက်မဲမဲကြီးများကလည်း သရဲဘီလူးကြီးများသဖွယ်။ သဘောင်္မှာလည်း ဧရာမလှိုင်းလုံးကြီးများကြားတွင် လူးခါနေပြီ။

အဖိုးအို။  ။ ဒါဆို ခင်ဗျားရေကူးတတ်သလား။
ပါမောက္ခ။            ။ရေကူးလား။ ပညာရပ်ပေါင်းစုံ သင်နေရတာနဲ့တင် အလုပ်တွေရှုပ်လွန်းလို့ ရေးကူးသင်ဖို့ကို အချိန်မပေးနိုင်ခဲ့ပါဘူးဗျာ။
အဖိုးအို။  ။ အရင်ညတွေက ပါမောက္ခကြီး ကျုပ်ကို ဘာလော်ဂျီ သိလား၊ ညာလော်ဂျီ သိလားနဲ့၊ လော်ဂျီတွေစုံနေတာပဲ။ ပြီးတော့ ကျုပ်က အဲဒါတွေ မသိလို့ ကျုပ်အသက်ရဲ့ ၄ပုံ၃ပုံဆုံးပြီလို့ ပြောခဲ့တယ်နော်။ တကယ်တော့ ခင်ဗျားကမှ တကယ့် သနားစရာ သတ္တ၀ါဗျ။ အခု သဘောင်္မြုတ်တော့မယ်။ ဆွင်မိုလော်ဂျီမှ မသိရင်တော့ ခင်ဗျားတစ်သက်လုံးဆုံးပြီသတ်မှတ်။

            ဤပုံပြင်ကိုဖတ်ပြီးသည့်အခါ တစိမ့်စိမ့်တွေးရင်း သဘောကျပြီး “သိပ်လှတာပဲ’’ ဟု ခဏခဏရေရွတ်နေမိသည်။ တက္ကသိုလ်အသီးသီတွင် ပညာရပ်အမျိုးမျိုးကို သင်ကြားနေကြသော ကျွနိုပ်ကဲ့သို့ ကျောင်းသားများအတွက် “လောကမှာ ကျောင်းပညာရပ်တွေ မည်မျှပင်သင်ယူလေ့လာထားစေကာမူ၊ လက်တွေ့ဘ၀ပင်လယ်ကို ရင်ဆိုင်ဖြတ်သန်းရာတွင် ထိုပညာရပ်များနှင့်မလုံလောက်သေး။ ဘ၀ထဲတွင် ရင်ဆိုင်ရသော အခက်အခဲများ၊ ပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်မူ၊ ဒုက္ခပေါင်းစုံကြားမှ ရှင်သန်လွတ်မြောင်နိုင်မူစသော အရည်အသွေးတို့လည်း လိုအပ်ပေသည်” ဟူသောအချက်ကို မီးမောင်းထိုးပြလိုက်သကဲ့သို့ ရှိချေသည်။
******************************************************

            ကမ္ဘာကျော်ကဗျာဆရာကြီး Sandi Vandar Sluis ၏  A window away ဆိုသော ကဗျာတစ်ပုဒ်ကို သွားပြီး သတိရမိပြန်သည်။ ဆရာကြီးက သူနေထိုင်ရာ အိမ်ပြတင်းပေါက်မှ လှမ်းကြည့်ရာတွင် ငှက်ကလေးတွေကို သွားမြင်သည်။ “သူတို့ဟာ သစ်ကိုင်းလေးတွေပေါ်မှာ၊ အိမ်လေးတွေပေါ်မှာ နားခိုနေပြီး သူတို့ကိုကြည့်ရတာဟာ အလွန်တရာမှပင် ကြည်နူးစရာကောင်းလှလေရဲ့။ သူတို့တစ်တွေ သီချင်းတွေ လှလှပပသီကျူးတာကို နားထောင်ရတာ ကျွနိုပ်ရဲ့ ပူပင်သောကတွေက ပြေပျောက်စေတယ်။ တချို့ငှက်လေးတွေက ကျွနိုပ်စိုက်ပျိုးထားတဲ့ ပန်းဝတ်မှုံတွေကို နှစ်ခြိုက်စွာ စားသုံးနေကြပေါ့။ ရှင့်ကလေးကလည်း ရှာလို့ရထားသမျှ သစ်စေ့တွေကို ပါးတွေ ဖောင်းနေအောင်ငုံပြီး သူနေတဲ့ သစ်ခေါင်းဆီကို ခေါက်တုန့်ခေါက်ပြန် သယ်နေလေရဲ့။ ယုန်ကလေးတွေကလည်း ပြေးလွှားခုန်ပေါက်ဆော့ကစားရင်း သာယာလှပတဲ့နေ့ကို ခံစားနေကြပေါ့။” ကျွနိုပ် အကြိုက်ဆုံးကတော့ ကဗျာရဲ့ နောက်ဆုံးစာသားလေးပါ။
            “Mother Nature is a window away
            I am thankful for this every day.”

****************************************************

ထို့ပြင် အင်္ဂလိပ် စာဆိုအကျော် ဂျွန်ကိ(တ်စ်) (John Keats) ၏ ‘ဂရိအရိုးအိုး တစ်ခုအတွက် တမ်းချင်း’ (Ode on a Grecian urn) ထဲမှ နောက်ဆုံး စာကြောင်းလေးကို သတိရမိပြန်သည်။
            “Beauty is truth, truth beauty” … that is all
            Ye know on earth, and all ye need to know.
            “အလှသည် သစ္စာ၊ သစ္စာသည် အလှ” တဲ့…
            ဒါကို သင်တို့သိသလို၊ သိဖို့လဲ လိုတယ်……
သိပ်လှတာပဲ …………………………………………………

တွင်းရေလား၊ သမုဒ္ဒရာရေလား......

နေ့စဉ်နှင့်အမျှ အင်တာနက်စာမျက်နှာများပေါ် ရောက်လာသော မြန်မာပြည်သတင်း၊ နိုင်ငံသတကာသတင်း ပေါင်းစုံတို့ကို အားလတ်ချိန်ရလျှင် ရသလို ဖတ်ဖြစ်သည်။ ငွေကို ထားစရာနေရာ မရှိလောက်အောင် ကျိကျိတက် ချမ်းသာသော်လည်း မိမိသည် မည်မျှအောင်မြင်နေကြောင်း၊ ချမ်းသာကြွယ်ဝနေကြောင်းကို ကြွားဝါဖို့၊ ဟန်ပြလုပ်ဖို့မှလွဲ၍ လောကကောင်းကျိုးအတွက် ဘာမျှ မည်မည်ရရ မလုပ်ကြသူတို့၏ သတင်းတွေလည်း ပါသည်။ မိမိမှာ ရှိသမျှ အနေအထား၊ အစွမ်းအစလေးနှင့် တတ်နိုင်သမျှ အားထုတ်ကြိုးပမ်းပြီး လောက၏အကျိုး၊ အမျိုး၊ ဘာသာ၊ သာသနာ အကျိုးကို ဆောင်ရွက်နေကြသူတို့၏ သတင်းတွေလည်း ဖတ်မိသည်။
ဤတွင် လောကနီတိထဲမှ စာပိုဒ်လေးတစ်ခုကို သတိရမိသည်။
"သမုဒ္ဒရာရေသည် မည်မျှပင် များပြားသော်လည်း သောက်ချိုးသုံးစွဲရန် အကျိုးမပြုသကဲ့သို့ လူမိုက် / သူယုတ်မာတို့၏ စည်းစိမ်ဥစ္စာသည်လည်း လောကနှင့် သတ္တ၀ါတို့အတွက် အကျိုးကျေးဇူး အားကိုးဖွယ် မဖြစ်။ တွင်းရေသည် များပြားလွန်းလှသည် မဟုတ်သော်လည်း သောက်ချိုးသုံးစွဲ အမှီသဟဲ ပြု၍ ရသကဲ့သို့ ပညာရှိ / သူတော်ကောင်းတို့၏ စည်းစိမ်ဥစ္စာသည်လည်း လောကနှင့် သတ္တ၀ါတို့အတွက် အကျိုးကျေးဇူး အားကိုးဖွယ် ဖြစ်လေသည်"  

မှတ်ချက်။    ။ Facebook မှာ ရေးခဲ့သော Post ဟောင်းတစ်ခုမျှသာဖြစ်ပါသည်။

ဘဲလေးအက၊ မြန်မာသံဇဉ်သီချင်းနဲ့ ကျွန်တော့်အတွေးများ

" ညီညွတ်ရေးနဲ့.... အသက်ရှည်ရှည် ခင်ခင်မင်မင်.... လက်ရည်တစ်ပြင်တည်း..... ရှေးကတော့ ပိုချစ်ကြသည်... ''
နန်းတော်ရှေ့ဆရာတင် ရေးခဲ့တဲ့ "လက်ရည်တစ်ပြင်တည်း" ဆိုတဲ့ သီချင်းသံ အစ်ကိုကြီးတစ်ယောက်ရဲ့ အခန်းထဲမှာ လွင့်ပျံနေတယ်။  အဲဒီသီချင်းမတိုင်ခင်က မြို့မငြိမ်းရဲ့ "လူချွန်လူကောင်း" နဲ့ သန်းမြတ်စိုးဆိုထားတဲ့ "အကျင့်ဆိုး'' ဆိုတဲ့သီချင်း၂ပုဒ်။ အစ်ကိုကြီးက ထမင်းစားနေချိန်မို့ ညိမ့်ညောင်းတဲ့ မြန်မာသံဇဉ်တေးတွေကို ဖွင့်ထားဟန်တူပါရဲ့။  သိပ်မကြာလိုက်ပါဘူး။ သူနဲ့အတူ ထမင်းစားနေတဲ့
အငယ်တစ်ယောက်က "အစ်ကိုကလည်းဗျာ၊ ဘာသီချင်းတွေဖွင့်ထားမှန်းမသိဘူး၊ ရွာက အလှူပွဲကြနေတာပဲ" ဆိုပြီး ထမင်းစားရာက ထပြီး
ကွန်ပြူတာမှာ သွားပိတ်ပါတော့တယ်။ ပြီးတော့ သူကြိုက်တဲ့ အာဖရိကန် Hip-Hop Group တစ်ခုရဲ့ သီချင်းတွေကို You Tubeမှာ ရှာဖွင့်ပါလေရော။အဲဒီမှာ သူတို့ထမင်းဝိုင်းဘေးမှာ ထိုင်နေတဲ့ကျွန်တော့်ခေါင်းထဲ အတွးတွေဝင်လာပါတော့တယ်။ မြန်မာသံဇဉ်တေးတွေကို ဒီလူငယ့် နားက လက်မခံနိုင်ဘူး။ ကျွန်တော်တို့ရဲ့ DSTA ကျောင်းအုပ်ကြီးဟောင်း ဗိုလ်မှူးချုပ်ဝင်းမြင့်ရဲ့ စကားနဲ့ ပြောရရင် နားကလောတယ်နဲ့တူပါရဲ့။

ကျွန်တော်ဟာ ခေတ်လူငယ်ပီပီ Rock, Pop, Hip-hop ဆိုတဲ့ ခေတ်ပေါ်တေးသီချင်းအမျိုးမျိုးကို မြန်မာလိုတင်မက အင်္ဂလိပ်လိုရော၊ ရုရှားလိုပါ နားထောင်ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း မြန်မာ့ရိုးရာသီချင်းတွေ၊ ဂန္တ၀င်တေးတွေကိုလည်း ကျွန်တော့်နားက နှစ်နှစ်ခြိုက်ခြိုက် လက်ခံပါတယ်။ "ကဗျာရေးဖို့ထက်၊ ကဗျာကို ဖတ်တတ်ဖို့က ပိုခက်တယ်" လို့ ကြားဖူးတယ် (ဘယ်သူ ပြောခဲ့သလဲတော့ မမှတ်မိတော့ပါ)။ အဲဒီလိုပဲ သီချင်းရေးတာထက် သီချင်းကို ခံစားတတ်ဖို့က ပိုခက်ပါတယ်။  ခုနက မြန်မာသီချင်း ၃ပုဒ်ကို ခံစားမှုနဲ့ နားထောင်ကြည့်မယ်ဆိုရင် သီချင်းထဲမှာ အသံရဲ့အလှ၊ အဓိပ္ပာယ်ရဲ့အလှ၊ ကာရံတွေရဲ့အလှ၊ စကားလုံးတွေရဲ့အလှတွေနဲ့ စည်းစနစ်ကျကျ ရေးဖွဲ့ထားတာကို တွေ့ရပါမယ်။

''လက်ရည်တစ်ပြင်တည်း"ကို အရင်ဆုံး ခံစားကြည့်မယ်ဆိုရင် ရှေးခေတ်က မြန်မာလူမျိုးတို့ရဲ့ ရိုးရှင်းစွာ စားသောက်တတ်တဲ့ဓလေ့ကို သိနိုင်တယ်။ ထန်းပင်၊ ထန်းလက်၊ ထက်ရွက်တွေနဲ့ ဝေေ၀ဆာဆာလှနေတဲ့ အညာမြေက ရွာအလှကို ပုံဖော်ခံစားရင်း ရေခြားမြေခြား တိုင်းတစ်ပါးမှာရောက်နေတဲ့ ကျွန်တော်တို့လို လူတွေအတွက်လည်း ကိုယ့်ရေကိုယ့်မြေကို လွမ်းဆွတ် သတိရစေပါတယ်။ ဒေါင်းလန်းကြီးထဲမှာ ထမင်းနဲ့ဟင်းတွေကို ရောထည့်ပြီး အားလုံးဝိုင်းဖွဲ့စားသောက်တဲ့ ရိုးရာဓလေ့ကို ကြည့်မယ်ဆိုရင် မိသားစုဝင်အချင်းချင်း စည်းလုံးညီညွတ်မှု၊ တစ်ဦးအပေါ်တစ်ဦး မေတ္တာထားရှိမှု၊ ယုံကြည်မှု၊ ချစ်ခြင်းတရား ဆိုတဲ့ တန်ဖိုးတွေ အဲဒီ ထမင်းဝိုင်းမှာ ပျော်ဝင်နေတာ တွေ့ရပါတယ်။ လက်ရည်တစ်ပြင်တည်းဆိုတဲ့ စကားဟာ ဘယ်လောက်အထိ အဓိပ္ပာယ်ရှိသလဲ။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုမရှိဘူး၊ အဆင်အတန်းခွဲခြားမှု ရှိနေတယ်၊ တစ်ယောက်နဲ့တစ်ယောက် မတည့်ဘူးဆိုရင် လက်ရည်တစ်ပြင်တည်း စားဖို့ ဝေးရော၊ ထမင်းဝိုင်းမှာ အတူတူတောင် မထိုင်ကြပါဘူး။  မိသားစုဆိုတာ လူ့အဖွဲ့အစည်းကြီး(community)ရဲ့ အသေးဆုံး unit လေးပါ။ အဲဒီတော့ community ကြီးတစ်ခုလုံး ညီညွတ်ဖို့ဆိုတာ အသေးဆုံးဖြစ်တဲ့ မိသားစုထဲက မိသားစုဝင်တွေ ညီညွတ်ဖို့က အခြေခံပါပဲ။ ထမင်းဝိုင်းဟာ ကျွန်တော်တို့ မြန်မာမိသားစုတွေအတွက် ညီညွတ်ခြင်းရဲ့ သရုပ်သကန်ပါပဲ။ နိုင်ငံတကာမှာလည်းပဲ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှု၊ လေးစားမှု၊ ချစ်ခင်မှုတွေကို သရုပ်ဖော်တဲ့ ယဉ်ကျေးမှုတစ်ရပ်အနေနဲ့ ညစာစားပွဲတွေ လုပ်လေ့ရှိပါတယ်။ အဲဒီတော့ " ညီညွတ်ရေးနဲ့.... အသက်ရှည်ရှည် ခင်ခင်မင်မင်.... လက်ရည်တစ်ပြင်တည်း..... ရှေးကတော့ ပိုချစ်ကြသည်... ''ဆိုတဲ့ သီချင်းစာသားလေးကို ခံစားပြီး တွေးလိုက်ရင် နိုင်ငံရေးလောကမှာ ပြောပြောနေကြတဲ့ ''တိုင်းရင်းသားစည်းလုံးညီညွတ်ရေး''အထိ အဓိပ္ပာယ် သက်ရောက်ပါတယ်။

နောက်သီချင်းတစ်ပုဒ်က မြို့မငြိမ်းရဲ့ "လူချွန်လူကောင်း''။ ဒီသီချင်းကို ကျွန်တော်တို့ ငယ်ငယ် ကျောင်းသားအရွယ်ကတည်းက ကြားဖူးခဲ့တာပါ။ ကျောင်းတွေမှာ အားကစားပြိုင်ပွဲပဲဖြစ်ဖြစ်၊ ဟောပြောပွဲပဲဖြစ်ဖြစ် ပွဲတစ်ခုခုလုပ်တိုင်း ဒီသီချင်းကို အမြဲတမ်း ဖွင့်တော့ မြန်မာနိုင်ငံမှာကျောင်းနေခဲ့ဖူးတဲ့ မြန်မာလူမျိုးတိုင်း ကြားဖူးမယ့် သီချင်းလို့ထင်ပါတယ်။ ဒီသီချင်းရဲ့ အဓိပ္ပာယ်လေးနက်မှု၊ စကားလုံးရွေးတာလှပမှု၊ ဒီသီချင်းကိုရေးတဲ့ မြို့မငြိမ်းရဲ့ အမြော်အမြင်ကြီးမားမှုတွေကို စာရေးဆရာချစ်ဦးညိုက စာပေဟောပြောပွဲတွေမှာ သုံးသတ်ပြလေ့ရှိပါတယ်။ အခုကျွန်တော်က စာရေးဆရာကြီးကို ပူဇော်ကန်တော့သောအားဖြင့် သူ့ရဲ့စာပေဟောပြောမှုတွေကို နားမထောင်ဖူးတဲ့ ကျွန်တော့်မိတ်ဆွေများကို ဒီသီချင်းနဲ့ပတ်သက်ပြီး သူ သုံးသတ်ပြထားတာတွေထဲက အချို့ကို ကောက်နှုတ်တင်ပြလိုပါတယ်။ အရင်ဆုံး သီချင်းခေါင်းစဉ် ရွေးထားတာကို ကြည့်မယ်ဆိုရင် "လူချွန်လူကောင်း''။ စကားလုံးရွေးချယ်မှု ကျစ်လစ်သလောက် အဓိပ္ပာယ်က သိပ်ကောင်းပါတယ်။ "လူချွန်"ဆိုတာ လူတော်၊ ထက်မြက်တဲ့လူ။ "လူကောင်း"ဆိုတာက သီလစောင့်ထိန်းသူ၊ သီလဖြူစင်သူ။ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်တစ်ရပ် တည်ဆောက်ရာမှာ
လူတွေဟာ တော်နေရုံနဲ့မပြီးသေးဘူး၊ ကိုယ်ကျင့်တရားကောင်းမွန်တဲ့၊ သီလလုံခြုံတဲ့ လူကောင်းတွေဖြစ်ဖို့လည်း လိုအပ်တယ်ဆိုတာကို
မြို့မငြိမ်းက ထောက်ပြခဲ့တာပါ။  "ခေတ်မီမီ ကမ္ဘာကြီးကြည့်မြင်'' ဆိုတာက ဒီနေ့ခေတ်မှာ သိပ်ခေတ်စားနေတဲ့ Globalization ကို ပြောတာပါ။ Globalization ဆိုတဲ့ စကားလုံးဟာ ကမ္ဘာမှာ ပေါ်လာတာ ၁၉၉၀ ကျော်မှ ပေါ်လာတာပါ။ ဒါပေမယ့် မြို့မငြိမ်းက ၁၉၅၀ ကျော်လောက်ကတည်းက ဒီစကားလုံးကို တီထွင်ပြီးနေပါပြီ။  သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်းပြောသလိုပဲ။ "သမိုင်းဘာ့ကြောင့်သင်ရသလဲ။ မအအောင်လို့။" ဆိုသလို မြို့မငြိမ်းကလည်း ဒီသီချင်းမှာ "ကမ္ဘာ့သမိုင်းရာဇ၀င်... သုံးသတ်လေ့လာသင်... အကြံဥာဏ်ဝေဖန်မြော်လို့မြင်'' ဆိုပြီး ထည့်ရေးထားပါတယ်။ အချုပ်ပြောရရင် ဒီသီချင်းမှာ အားကစား၊ ကျန်းမာရေး၊ ပညာရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ လျှပ်စစ် စသဖြင့် ကဏ္ကပေါင်းစုံပါပါတယ်။မြို့မငြိမ်းဘယ်လောက် အမြော်အမြင်ကြီးလိုက်သလဲ။ ဒီနေ့ဒီခေတ်မှာ သီချင်းပေါင်းစုံ၊ အဆိုတော်ပေါင်းစုံ နေ့စဉ်နဲ့အမျှ တလှိုင်လှိုင် ထွက်ပါတယ်။ ဒါပေမယ့် သီချင်းတော်တော်များများဟာ ဒီနေ့ပေါ်ပြီး မနက်ဖြန်ပျောက်ပါတယ်။ ကြာရှည်မခံပါဘူး။ ရုရှားစကားပုံတစ်ခုရှိပါတယ်။ "စိန်အစစ်တွေဟာ ဘယ်တော့မှ ပျက်စီးကျေမွ ပျောက်ပျက်မသွားပါဘူး" တဲ့။ အဲဒီလိုပါပဲ။ မြို့မငြိမ်း သေတာ နှစ်ပေါင်း ၅၀ ကျော်ခဲ့ပြီဆိုပေမယ့် သူ့ရဲ့ ဒီ ''လူချွန်လူကောင်း''ဆိုတဲ့ သီချင်းက မသေသေးဘူး။   ပျောက်ပျက်မသွားဘူး။ ဘာဖြစ်လို့လဲ။ စစ်မှန်ပြီး တန်ဖိုးရှိလို့ပါပဲ။

ကျွန်တော်တို့ဟာ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်အနုပညာ ရှိတဲ့ လူမျိုးပါ။ ကျွန်တော်တို့ မြန်မာ့အနုပညာမှာဆိုရင် ယေဘုယျအားဖြင့် ဂုဏ်ရည်၆ရပ် ရှိတယ်လို့ ကြားဖူးတယ်။
- ထိန်းသိမ်းချုပ်ကိုင်ခြင်း။
- စည်းလုံးညီညွတ်ခြင်း။
- အချိုးအစားကျနပြေပြစ်ခြင်း။
- သဘာဝယုတ္တိရှိခြင်း။
- ကာလဒေသနှင့်လျော်ညီထွေရှိခြင်း။
- အဆင်ပြေခြင်း။
ဒီဂုဏ်ရည်တွေနဲ့ ပြည့်စုံတဲ့၊ ဒီတန်ဖိုးတွေနဲ့ ရေးဖွဲ့သီကုံးထားတဲ့ မြန်မာ့သီချင်းတွေကို ခုနကလူငယ် မခံစားတတ်ပါဘူး။ မခံစားတတ်တော့
တန်ဖိုးထားရကောင်းမှန်းလည်း မသိတော့ပါဘူး။ သူ့ခမျာ အနောက်တိုင်းက၀င်လာတဲ့ ယဉ်ကျေးမှုဖြစ်တဲ့ ခေတ်ပေါ်တေးတွေကိုပဲ
နားထောင်လေ့ရှိတဲ့ ပတ်ဝန်းကျင်မှာ မွေးဖွားကြီးပြင်းလာပုံရပါတယ်။ ဒီလိုလူငယ်တွေ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အများကြီးပါပဲ။
ကိုယ့်ယဉ်ကျေးမှုရဲ့ တန်ဖိုးကို နားမလည်ပါဘူး။ တန်ဖိုးထားရကောင်းမှန်း မသိပါဘူး။ အဲဒီတော့ မြန်မာသံဇဉ်တေးတွေ ဖွင့်ထားတာ ကြားရင် တောကြိုအုံကြားကတက်လာတဲ့ကောင်တွေ၊ ခေတ်မမီတဲ့ကောင်တွေ၊ အဆင့်အတန်းမရှိတဲ့ကောင်တွေဆိုတဲ့ သဘောနဲ့
ပြက်ရယ်ပြုတက်ကြပါတယ်။ မြန်မာ့ရိုးရားသီချင်းတွေ နားထောင်ရင် ရှက်စရာလို့သူတို့ မြင်ပါတယ်။ အမှန်က ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်လူမျိုးရဲ့ ဂီတတန်ဖိုးကို အသိအမှတ်မပြုတဲ့အပြင် အထင်သေးတာ၊ ပြက်ရယ်ပြုတာ၊ တိုင်းတစ်ပါးကလာတဲ့ ခေတ်ပေါ်ဂီတကိုမှ ဂီတလို့ မြင်ပြီး အမေကျော်၊ ဒွေးတော်လွမ်းတာကမှ တကယ့်ရှက်စရာပါ။

ကျွန်တော့်တစ်ဝမ်းကွဲညီတစ်ယောက်အကြောင်း ပြောစမ်းပါဦးမယ်။   သူ ၁၀တန်းအောင်တာ သိပ်မကြာသေးပါဘူး။ ၁၀တန်း အစမ်းစာမေးပွဲမှာ အင်္ဂလိပ်ဘာသာကို ၂၅မှတ်နဲ့ ဒီကောင် ကျတယ်။  မြန်မာ Hip-hop သီချင်းတွေ သူကြိုက်တယ်။ ဒါပေမယ့် ဒီကောင်က အင်္ဂလိပ် Hip-hop တွေကို ပိုနားထောင်တယ်။ အဲဒီ Hip-hop ထဲက စာသားတွေကို ဒီကောင် တကယ်နားလည်လို့ နားထောင်တယ် မထင်ပါဘူး။ လူငယ်ဆိုတော့ အင်္ဂလိပ်သီချင်းတွေကို ဆူညံပွက်လောရိုက်နေအောင် ဖွင့်ထားမှ ပတ်ဝန်းကျင်က သူ့ကို အထင်ကြီးမယ်၊ နိုင်ငံခြားသီချင်းတွေကို နားထောင်မှ ခေတ်မီတယ် ထင်ပုံရပါတယ်။

လွန်ခဲ့တဲ့ မတ်လ ၂ရက်နေ့က ကျွန်တော်တို့ကို ရုရှားဘာသာစကားသင်ပေးတဲ့ ဆရာမကြီးဖိတ်လို့ ဘဲလေးအက (Балет)
သွားကြည့်ဖြစ်ပါတယ်။ အရင်ကလည်း အခါအခွင့် သင့်ရင်သင့်သလို သွားကြည့်ဖြစ်ပါတယ်။ (ရုရှားတို့ရဲ့ရိုးရာ ဘဲလေးအကဟာ ကမ္ဘာမှာလည်း နာမည်ကြီးရုံတင်မက နိုင်ငံတော်တော်များများကိုလည်း ယဉ်ကျေးမှုတစ်ရပ်အနေနဲ့ ကူးစပ်ပြန့်နှုံ့သွားပါပြီ။) ပြဇာတ်ရုံကြီးက ဆိုဗီယက်ခေတ်က ပြဇာတ်ရုံကြီးဖြစ်တဲ့အလျောက် ရုရှားတို့ရဲ့ ဗိသုကာလက်ရာတွေနဲ့ ခန်းနားထည်ဝါလှပါတယ်။ သူတို့နိုင်ငံရောက်နေတော့ သူတို့ရဲ့ယဉ်ကျေးမှု၊ သူတို့ရဲ့အနုပညာကို လေ့လာကြည့်ပါတယ်။ အဲဒီနေ့က ရုရှားရဲ့ အမျိုးသားပြဇာတ်ရေးဆရာကြီး ချိုက်ကော့ဗ်စကီ (Чайковский Пётр Ильич)ရဲ့ လက်ရာအမြောက်ဆုံးတွေထဲက ပြဇာတ်တစ်ခုဖြစ်တဲ့ ''ငွေငန်းတို့ ပျော်စံရာ ရေကန်သာ (Лебединое озеро)'' ကို ကပြပါတယ်။''ဇာတ်သမားလာရင် မှတ်သားစရာ ပါရမယ်"တဲ့  မြန်မာဆိုရိုးစကားရှိတယ်မဟုတ်လား။ အဲဒီတော့ ပြဇာတ်ရေးဆရာရဲ့ ပရိတ်သတ်ကိုပေးချင်တဲ့ idea က ဘာလဲ။ စေတနာကဘာလဲ။ အဲဒါကို ရအောင် ခံစားကြည့်မိပါတယ်။ ဒါ့အပြင် ကျွန်တော့်ကို အံ့သြစေတဲ့ အကြောင်းတရားတွေထဲက
တစ်ခုက ဘာလဲဆိုတော့  ဒီလိုကပွဲတွေ လုပ်တိုင်း လူကြီးတွေသာမက ခေတ်လူငယ်တွေပါ ကြိတ်ကြိတ်တိုးအောင် အားပေးကြတာကို
တွေ့ရတာပါပဲ။ အဲဒီ ခေတ်လူငယ်တွေထဲမှာ ခေါင်းမှာ နွားချိုလိုလို၊ ကြံ့ခေါင်းလိုလို ထိုးထိုးထောင်ထောင် လုပ်ထားတဲ့ ဆံပင်ပုံစံတွေနဲ့
လူငယ်တွေလည်း ပါတာတွေ့ရတယ်။ ကကွက် တစ်ကွက်ပြီးတိုင်း လက်ခုတ်သြဘာပေးပြီဆိုရင် အရင်ဆုံး လက်ခုတ်သံထွက်လာတာက
သူတို့ဆီကပဲ။ အမျိုးသားပြဇာတ်ရုံတွေဟာ မြို့တိုင်းမှာရှိပါတယ်။ မြို့ကြီးတွေမှာဆို အနည်းဆုံး ၃ရုံ ၄ရုံလောက် ရှိပါတယ်။
ဆောက်ထားတာတွေကလည်း ခန်းခန်းနားနားပါပဲ။ (ကျွန်တော်တို့ နိုင်ငံမှာ အမျိုးသားပြဇာတ်ရုံရယ်လို့ ဘယ်နှရုံရှိသလဲ။ ခေတ်ပေါ် Live Show နဲ့ ဇာတ်ပွဲ ဘယ်ဟာကို လူငယ်တွေ သွားကြည့်ကြမလဲ)။ ဘဲလေးအကဟာ classical dance ဖြစ်ပေမယ့် လူငယ်တွေဘာကြောင့် ကြိုက်သလဲ။ တစ်ချို့ ပြဇာတ်ရုံကြီးတွေမှာဆို ပြဇာတ်ရဲ့အဖွဲ့ပေါ်မူတည်ပြီး လက်မှတ်ဈေးက ခေတ်ပေါ်နာမည်ကြီး အဆိုတော်တွေရဲ့ live show တွေထက်တောင် ပိုဈေးကြီးနေပါသေးတယ်။ အဲဒီလို ပြဇာတ်မျိုးတွေကြည့်ရဖို့ လက်မှတ်ကို ၂လလောက် ကြိုဝယ်ရတာတွေ ရှိပါတယ်။ ဒီလောက်ခေတ်မီတဲ့ တိုင်းပြည်ကြီးမှာ မိမိလူမျိုးရဲ့ သဘင်ပညာ၊ မိမိလူမျိုးရဲ့ ဂီတ၊ မိမိလူမျိုးရဲ့ ယဉ်ကျေးမှုကို လူငယ်တွေ မြတ်နိုးရကောင်းမှန်း သိအောင်၊ ထိန်းသိမ်းစောင့်ရှောက်ရကောင်းမှန်းသိအောင် ဘယ်လိုအကြောင်းတရားတွေက ပံ့ပိုးထားသလဲ။  "ရှေးထုံးလည်းမပယ်နဲ့၊ ဈေးဆုံးလည်းမလွယ်နဲ့" ဆိုတဲ့ မြန်မာ့ဆိုရိုးစကားကို သွားသတိရမိပါတယ်။ သူတို့ဟာ ဘဲလေးအကရဲ့ ကျောရိုး၊ ဘဲလေးအကရဲ့ ပင်ကိုယ်အနှစ်သာရလည်း မပျောက်ပျက်ရလေအောင်၊ ခေတ်နဲ့လည်းလျော်ညီအောင် ဆန်းသစ်မှုတွေလည်း လုပ်တာကို တွေ့ရပါတယ်။ အကြောင်းတရားက ဒါအကုန်ပဲလား။ ဒါတင်မကပါဘူး။

လွန်ခဲ့တဲ့ ၂ပတ်လောက်က ရုရှားမိတ်ဆွေတစ်ယောက်က အလည်ဖိတ်လို့ သူ့မိသားစုရှိရာ မော်စကိုမြို့လယ် တိုက်ခန်းကို သွားလိုက်ပါတယ်။ သူ့ဇနီး ချက်ထားတဲ့ ရိုးရာ အစားအသောက်တွေကို အတူတူ ၀ိုင်းဖွဲ့ စားသောက်ကြပြီးတဲ့နောက် ဧည့်ခန်းမှာ ထိုင်စကားပြောနေတုန်း သူတို့ရဲ့ သားလေးက စာအုပ်တစ်အုပ်ယူလာပြီး ကျွန်တော့်ကို ပြပါတယ်။ ကလေးက ၄တန်းကျောင်သားလေးပါ။ သူလာပြတာက ပထ၀ီသင်ခန်းစာချိန်မှာ သူကိုယ်တိုင် ဆွဲထားတဲ့ ရုရှားနိုင်ငံမြေပုံတွေပါတဲ့ ပုံဆွဲစာအုပ်လေးပါ။ ကလေးတို့သဘာဝ ကိုယ်ဘယ်လောက်တော်တယ်ဆိုတာကို လူကြီးတွေကို ပြချင်ပုံရပါရဲ့။ ကြည့်လိုက်တော့ ရုရှားမြေပုံရဲ့အောက်မှာ  Excellent ဆိုတဲ့ အဆင့်သတ်မှတ်ချက်ရယ်၊ "မိမိနိုင်ငံကို ချစ်သူ'' လို့အဓိပ္ပာယ်ရတဲ့ မှတ်ချက်လေးရယ်ကို သူတို့ဆရာမက ရုရှားလို ရေးပေးထားတာ တွေ့လိုက်ရတယ်။ ဆရာမလုပ်သူက ဒီကလေးတွေကို နိုင်ငံမြေပုံ ဆွဲတတ်အောင် သင်ပေးရုံတင်မက၊ ပုံလှလှပပဆွဲနိုင်ရင် နိုင်ငံချစ်လို့ပဲဆိုတဲ့ မှတ်ချက်မျိုးရမယ်ဆိုပြီး ကလေးတွေ တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင်ဆွဲခိုင်းတယ်။ ဒါဟာ ဘာကိုပြသလဲဆိုရင် သူတို့နိုင်ငံမှာ ကလေးတွေကို စာလောက်ပဲ သင်ပေးရုံတင်မက၊  ကလေးတွေရဲ့ နှလုံးသားထဲကို မူလတန်းအရွယ်ကတည်းက နိုင်ငံချစ်စိတ်ဆိုတဲ့ မျိုးစေ့လေးကို ထည့်ပေးလိုက်တာပါပဲ။ ပြီးတော့ သူတို့ syllabus မှာ ဂီတဘာသာရပ်ကို ထည့်ထားပေးတာ တွေ့ရတယ်။ အဲဒီတော့ စန္တယားသံတို့၊ အကော်ဒီယံသံ၊ တယောသံတို့ကို ကလေးတွေအနေနဲ့ နားယဉ်နေပြီ။

နောက်တစ်ချက်က ကျွန်တော် ဒီရုရှားမှာ နေလာတာ ၅နှစ်ပြည့်ပါတော့မယ်။ မော်စကိုနဲ့ စမားလင်း မြို့ကြီး၂မြို့မှာ နေဖူးတယ်။ မြို့၎မြို့
သွားလည်ဖူးတယ်။ "အမိနိုင်ငံတော်ကို ချစ်မြတ်နိုးပါ" ဆိုတဲ့ စာတမ်းမျိုးတွေ၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဆောင်ပုဒ်တွေရေးထားတာ၊ ဆိုင်းဘုတ်တွေ ချိတ်ထားတာ ဘယ်မှာမှ မတွေ့ရပါဘူး။ TV channel ပေါင်းများစွာ ထုတ်လွှင့်နေတဲ့အထဲမှာလည်း အဲဒီလို ၀ါဒဖြန့်တဲ့ဟာတွေ၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး ဆောင်ပုဒ်တွေ မတွေ့ရပါဘူး။ ဒါပေမယ့် ရုရှားတွေဟာ သူတို့တိုင်းပြည်ကို ချစ်တဲ့စိတ်၊ နိုင်ငံနဲ့လူမျိုးအတွက် ဂုဏ်ယူတဲ့စိတ် ဘယ်လောက်ပြင်းထန်သလဲဆိုတာကို အားကစားပြိုင်ပွဲတွေ၊ သမိုင်းဆိုင်ရာ နေ့ထူးနေ့မြတ်တွေ၊ ရိုးရာပွဲလမ်းသဘင်တွေမှာ အမြဲတွေ့ရပါတယ်။ တခါတလေမှာ ဘာပွဲလမ်းသဘင်မှ မရှိဘဲ၊ အချိန်အခါမဟုတ်ပါဘဲနဲ့လည်း "Россия, Россия, Россия"ဆိုပြီး လူငယ်တွေ ထအော်တာကိုလည်း ကြားနေရပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် နိုင်ငံကို တကယ်ချစ်တတ်တဲ့ လူမျိုးတွေဖြစ်စေဖို့ "နိုင်ငံကို ချစ်ပါ'' လို့ အမိန့်နဲ့ ခိုင်းလို့မရဘူး၊ အမျိုးသားရေးစိတ်ဓာတ် ရှင်သန်ထက်မြက်စေဖို့ TVတွေ၊ Radio တွေကနေ ၀ါဒဖြန့် ထုတ်လွှင့်နေရုံနဲ့ မလုံလောက်ဘူး၊ နှလုံးသားကို
ငယ်ကတည်းက ပုံသွင်းပေးဖို့ လိုအပ်တယ်ဆိုတာကို သဘောပေါက်မိပါတယ်။

ကျွန်တော်တို့ ရုရှားဘာသာစကားသင်ရတဲ့ အချိန်တွေမှာ ဆရာမတွေက သူတို့ဘာသာစကားဟာ ဝေါဟာရ အင်မတန်ကြွယ်ဝတဲ့
စကားဖြစ်တဲ့အကြောင်း ဂုဏ်ယူစွာနဲ့ ပြောလေ့ရှိပါတယ်။ အဲဒီအခါတိုင်းမှာ "ကျွန်တော်တို့ ဗမာစကားကို ခင်ဗျားတို့ လာသင်ကြည့်ပါလား၊
ဝေါဟာတတွေ ကြွယ်လွန်းတော့ မှတ်ရတာများလို့ ထိုင်ငိုသွားစေရမယ့်လို့" စိတ်ထဲမှာတွေးပြီး ပြုံးမိပါတယ်။ ဟုတ်တယ်။
ကျွန်တော်တို့မြန်မာတွေဟာ ဥပမာ၊ ဥပမေယျ၊ ပုံတိုပတ်စများနဲ့ သိုင်းဝိုင်း ခိုင်းနှိုင်း ပြောဆိုလေ့ရှိကြပါတယ်။ ကျွန်တော်တို့လူမျိုးဟာ
ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင်အက္ခရာရှိတဲ့လူမျိုးပါ။ အာဆီယံနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူဆိုတဲ့ တိုင်းပြည်တွေမှာ
ကိုယ်ပိုင် အက္ခရာမရှိပါဘူး။ သူတို့အသံထွက်ကို အင်္ဂလိပ်လိုရေးရတယ်။ ကျွန်တော့်မှာ အဆောင်အတူနေ
ဗီယက်နမ်သူငယ်ချင်းတွေ ရှိတယ်။ သူတို့ဘာသာနဲ့ရေးထားတဲ့ စာအုပ်တွေ ကျွန်တော့်ကို ပြဖူးတယ်။ သူတို့မှာလည်း ကိုယ်ပိုင်အက္ခရာ မရှိ။ အင်္ဂလိပ်စကားလုံးတွေကို Modified လုပ်ထားတယ်။ ကျွန်တော်တို့ဟာ တိုင်းပြည်ရှိတယ်။ လူမျိုးရှိတယ်။ တိုင်းပြည်သာရှိပြီး လူမျိုးရယ်လို့ သီးခြားမရှိတဲ့ တိုင်းပြည်တွေ ကမ္ဘာမှာ ရှိပါတယ်။ ဥပမာ - စင်ကာပူ။

ကျွန်တော်တို့မှာ အတိတ်ရှိတယ်။ သမိုင်းရှိတယ်။ အတိတ်ရှိသောလူမျိုး၊ သမိုင်းရှိသော လူမျိုးပါ။ ကျွန်တော်တို့မှာ သဒ္ဒါစည်းကမ်းနဲ့ ညီညွတ်တဲ့၊ အလင်္ကာအမျိုးမျိုးနဲ့ ဖွဲ့စည်းထားတဲ့ ကိုယ်ပိုင်စာပေရှိတယ်။ ကိုယ်ပိုင် ကဗျာ ရှိတယ်။ ကဗျာမှာမှ လင်္ကာ၊ တျာချင်း၊ အိုင်ချင်း၊ လေးချိုး စသဖြင့် ရေးနည်းရေးဟန်၊ ဖွဲ့နည်းဖွဲ့ဟန် အမျိုးမျိုး ရှိတယ်။  ကိုယ်ပိုင် ဂီတရှိတယ်။ ကိုယ်ပိုင် သုခုမသဘင်ပညာရှိတယ်။
အခုလို ကျွန်တော်ပြောနေတာတွေဟာ လည်ဂုတ်ပေါ်ဓားမိုးပြီး အုပ်ချုပ်တဲ့ ပဒေသရာဇ်စနစ်ကို တမ်းတလို့လား။ ရှင်ဘုရင်သာချမ်းသာပြီး
တိုင်းသူပြည်သားတွေက ကုန်းကောက်စရာမရှိလောက်အောင် ဆင်းရဲတဲ့ခေတ်ကိုပဲ လွမ်းလို့လား။ ကျွန်တော်လွမ်းတာ အဲဒါတွေမဟုတ်ဘူး။ ဒီဆောင်းပါးအစမှာ ရေးခဲ့တဲ့ ဂီတကိစ္စကို ပြန်ကောက်ရရင်လည်း ကျွန်တော်ဟာ အနောက်တိုင်းတေးဂီတတွေကို
ဆန့်ကျင်နေတာလည်းမဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်ကလည်း အဲဒီ ခေတ်ပေါ်တေးအမျိုးမျိုးကို ခေတ်နဲ့လျော်ညီစွာ နားထောင်ပါတယ်။၂၁ရာစုမှာ နေနေတဲ့ လူတွေဟာ ၂၁ရာစုနဲ့ လိုက်လျောညီထွေအောင် နေရမှာပါ။  ဒါပေမယ့် ကိုယ့်ယဉ်ကျေးမှုရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ကိုယ့်လူမျိုးရဲ့ ဂီတကို မနှစ်သက်လို့ နားမထောင်ရင်တောင်မှ ပြက်ရယ်မပြုသင့်ဘူးလို့ ထင်ပါတယ်။

ဟိုတလောက  သြစတေးလျမှာ နိုင်ငံရေးခိုလုံနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို အင်တာဗျူးလုပ်ထားတာ အင်တာနက်စာမျက်နှာ တစ်ခုမှာ
ကြည့်လိုက်ရပါတယ်။ နိုင်ငံရေးခိုလုံခွင့်ရဖို့၊ ထောက်ပံ့ကြေးရဖို့ ကျွန်တော်တို့နိုင်ငံအတွက်၊ ဒီမိုကရေစီအတွက်
ဘယ်လောက်ပေးဆပ်ချင်တဲ့အကြောင်းတွေ မွှမ်းထူနေအောင် ပြောပါတယ်။ ဒါပေမယ့် တစ်နေရာမှာတော့ ကျွန်တော့်ကို တွေးတောစရာတစ်ခု သူ ပေးလိုက်ပါတယ်။ ဘာလဲဆိုတော့ သူ့သားသမီးတွေကို မြန်မာစကား သင်မထားတဲ့အကြောင်း၊ မိသားစုအတွင်းမှာ အင်္ဂလိပ်လိုပဲ ပြောတဲ့အကြောင်းကို ဂုဏ်ယူစွာနဲ့ပြောပါတယ်။ သားသမီးတွေကို  မြန်မာစကားသင်ပေးဖို့ မလိုအပ်ဘူးလို့ ခံယူထားပုံရပါတယ်။ ဟုတ်ပါတယ်၊ Globalization ဆိုတဲ့ ဒီနေ့ ဒီခေတ်ကြီးထဲမှာ ကျင်လည်မယ့်လူတွေအတွက် အင်္ဂလိပ်ဘာသာစကားဟာ လုံးဝ အခရာပါပဲ။ အင်္ဂလိပ်စကား အတတ်မဖြစ်ပါဘူး။ ဒါပေမယ့် တစ်ဖက်ကလည်း "မြန်မာမှန်လျှင် ငပိကိုမမေ့နဲ့'' ဆိုတဲ့ စကားအတိုင်း ဘယ်နိုင်ငံ ဘယ်တိုင်းပြည်ရောက်ရောက်ကိုယ့်လူမျိုးရဲ့ ဘာသာစကားကိုလည်း မေ့မပစ်သင့်ပါဘူး။ မြန်မာလူမျိုးဖြစ်တဲ့ အားလျော်စွာ ကျွန်တော်တို့ရဲ့ သားသမီးတွေကိုလည်း
ဒီအမွေအနှစ်ကို လက်ဆင့်ကမ်းသင့်ပါတယ်။ ဒါမှ လူမျိုးမပျောက်သလို ဘာသာစကားလည်း ပျောက်မသွားမှာ ဖြစ်ပါတယ်။

အဲဒီတော့ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို တကယ် ချစ်တယ်ဆိုရင် သားသမီးကျင့်ဝတ်ထဲက ''မွေခံထိုက်စေ" ဆိုသလို အမျိုးသားအမွေအနှစ်တွေ(National Heritage)၊ ကိုယ့်လူမျိုးရဲ့ အနုပညာ၊ ကိုယ့်လူမျိုးရဲ့ ဘာသာစကား၊ ကိုယ့်လူမျိုးရဲ့ယဉ်ကျေးမှုတွေကို ကျွန်တော်တို့ မျိုးဆက်က ထိန်းသိမ်းရပါမယ် ။ ကျွန်တော်တို့က မွေးလာတဲ့ မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းနိုင်ရပါမယ်။ ဒါမှလည်း "စောင့်လေမျိုးနွယ်"ဆိုတဲ့ ကျင့်ဝတ်နဲ့အညီ အမျိုးဂုဏ်ကို ထိန်းသိမ်းရာရောက်ပါမယ်။

ကျွန်တော်တို့လူမျိုးရဲ့ ဂီတကို ကျွန်တော်တို့မှ တန်ဖိုးမထားရင် ဘယ်သူတွေက တန်ဖိုးထားမလဲ။
ကျွန်တော်တို့လူမျိုးရဲ့ ဘာသာစကားကို ကျွန်တော်တို့မှ တန်ဖိုးမထားရင် ဘယ်သူတွေက တန်ဖိုးထားမလဲ။
ကျွန်တော်တို့လူမျိုးရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ကျွန်တော်တို့မှ မထိန်းသိမ်းရင် ဘယ်သူတွေက ထိန်းသိမ်းမလဲ။

သြော်
လူ့ ပြည်လောက လူ့ ဘ၀ကား
အိုရ နာရ သေရဦးမည်
မှန်ပေသည်တည့်။
သို့ ပြည်တကား သင်သေသွားသော်
သင်ဖွားသောမြေ သင်တို့ မြေသည်
အခြေတိုးမြင့် ကျန်ကောင်းသင့်၏
သင်၏မျိုးသား စာစကားလည်း
ကြီးပွားတက်မြင့် ကျန်ကောင်းသင့်၏
သင်ဦးချ၍ အမျှဝေရာ
စေတီစာနှင့် သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက် ၀င်းလျက် ကျန်စေသတည်း.......။

(ဆရာဇော်ဂျီ)

Let me go off!

Almost every morning around 6 I get out of the dorm and say " Good morning, Moscow" ...What a SUPER BUSY, SUPERSONIC, SUPER CROWDED CITY!! Even in such a super crowded city, I sometimes feel lonely. Sometimes I feel choked. Sometimes I feel sick and tired of residing here.
Sometimes I even wish I could be those satellites whose I have read about in science books. Some satellites go around the Earth with increasing radius; they go far and far away as they go around the Earth, and at a certain point when they cannot go around any more, they go off, away from the Earth orbit, breaking away from the gravity. Sometimes I imagine myself like those satellites. I feel this sometimes, when I feel bored and choked.......

နှစ်သစ်ဆုတောင်း

"အချိန်"သစ်ပင်ထက်
"ရက်လနှစ်" သစ်ရွက်တွေ
ဝေလိုက်ကြွေလိုက်၊ စည်းဝါးကိုက်ပေါ့
တစိုက်မတ်မတ်၊ ဖြတ်သန်းခွေရစ်
ကာလမြစ်သည်၊ ("၂၀၁၂" ဆိုတဲ့)
သက္ကရာဇ်သစ်ကို စ,စီးပြီ....

(နှစ်သစ်မှာ...)
(အသစ်ဆိုတဲ့စကားနဲ့အညီ)
သန့ှ်ရှင်းခြင်း၊ တောက်ပြောင်ခြင်း၊
သစ်လွင်ခြင်း၊ လန်းဆန်းခြင်းတွေ
ညီမျှစွာရောမွှေထားတဲ့
စနစ်သစ်၊ အတွေးသစ်
အမြင်သစ်၊ ခွန်အားသစ်။
အသစ်အသစ်တွေ
ဝေဆာနေဖို့ လိုတယ်နော်.....

(နှစ်သစ်မှသည်...)
မာနထောင်လွှား၊ အတ္တများဖုံး
လူ့နှလုံးကင်း၊ ဗာလာနတစ်သင်းတို့
ဖန်းဆင်းခဲ့ရာ၊ မွဲသမုဒ္ဒရာမှာ
သူငါနစ်မြုပ်၊ ဆင်းရဲစုတ်ပေ
ပြည်သူတွေလည်း၊ ခြေလှမ်းသစ်ချ
အသစ်ဘ၀ စ,နိုင်စေ။

(နှစ်သစ်မှသည်...)
ပြည်သူများဟာ
သစ္စာတရားရဲ့အား
ညီညွတ်ခြင်းရဲ့သွေး
နာလည်မှုတွေစတေးလို့
ငြိမ်းချမ်းရေးရနံ့မွှေးကြူ
ရင်အပူကင်း၊ တိုးတက်ခြင်းအတိ
သာယာမှုတွေပြည့်နေတဲ့
အမိနိုင်ငံကြီး တည်ဆောက်နိုင်ပါစေ...

(နှစ်သစ်မှသည်...)
မြန်ပြည်တစ်နှံတစ်လျား
ဖြစ်ပွားစစ်မက်၊ ချေမွဖျက်ဆီး
ဗဟိဒ္ဓမီးများ ငြိမ်းပါစေ...

(နှစ်သစ်မှသည်...)
ဒေါသထွက်၊ အမျက်ပွား
မိုက်မှားမုန်းခြင်း၊ လုံးလုံးကင်းကာ
အတွင်းအဇ္ဈတ္တမီးများငြိမ်းပါစေ....

နှစ်သစ်မှာ...
ကမ္ဘာသူကမ္ဘာသားတွေ
ရေလိုအေးလို့ ပန်းလိုမွှေးပါစေ....
ရေထက်လည်းအေးမျ၍၊ ပန်းထက်လည်း လှပါစေ........

Happy New year to you, all!

ကဗျာဟောင်းလေး တစ်ပုဒ်ဖြစ်ပါသည်။

ရုရှားပျိုသို့ မေးခွန်းတစ်ခု

ဆောင်းဦးပေါက်စ၊ တစ်ညနေတွင်
သစ်ပင်အုပ်ဆိုင်း၊ သင်္ချိုင်းဘေးလမ်း
ဖြတ်သန်းအသွား၊ လူအုပ်ကြားက
အသုဘယာဉ်ကို၊ လှမ်း၍မြင်၏။

အသုဘယာဉ်ဘေး၊ မနီးမဝေးတွင်
တုန်ယင်တုန်ယဲ့၊ ညှိုးရော်နွဲ့လျ
ဖြေရအခက်၊ လှိုက်တုန်တက်၍
နှလုံးအက်ကွဲ၊ သူ့ရင်ထဲမှာ
ရှားမီးခဲလျှံ၊ မြိုက်လောင်ထန်သော်
ကျင်ဖော်အတွက်၊ ကမ္ဘာပျက်မျှ
ကျေကွဲရကား၊ ရုရှားပျိုသည်
ဥသြငှက်လို ငိုနေသတည်း။

(လေးလလောက်အကြာ)
တိမ်လွှာတွေရှင်း၊ နှင်းစက်တို့ပျောက်
နွေဦးပေါက်အစ၊ မနေ့ကပေါ့
"အူစမာနော့ဖ်"ဖက်၊ လမ်းလျှောက်ထွက်လာ
ဘေးဘယ်ညာဆီ၊ ကြည့်လိုက်သည်တွင်
(အလို...)
ထိုရုရှားမ၊ မိန်းမလှသည်
နှင်းဆီရောင်လွှမ်း၊ သူ့နှုတ်ခမ်းပါး
အနမ်းများချွေ၊ ခုန်တန်းရှည်ပေါ်
အပျော်မူးရစ်၊ ချစ်သူသစ်နှင့်
ခိုးခိုးခစ်ခစ် ရယ်နေသတည်း။

ရုရှားပျိုသည်
တစ်ရာသီပြောင်းရုံနဲ့
အဟောင်းကိုမေ့၊ အသစ်တွေ့သော်
မပျော်တောအုပ်၊ အပူရုပ်လည်း မဆင်တော့။
သောကပင်တွေကြား၊
အလွမ်းများလည်း မကောက်တော့။

သောကထူပြော၊ အလွမ်းတောမှာ
ပန်းမျောအိပ်မက်၊ ရက်ရှည်မနေ
မျက်ရည်တွေလည်း သူ မချွေတော့။

အို....ရုရှားပျို
ငါးတစ်ကောင်လို၊ နားခိုဖူးရာ
အင်းအိုင်သာလည်း၊ ရင်မှာမရှိ
မငြိတွယ်တတ်၊ စိတ်လွတ်လပ်စွာ
ဖြတ်သန်းရှေ့ဆက်သွားပြီလော...

မှတ်ချက်။       ။ အူစမာနော့ဖ် = မော်စကိုမြို့ လမ်းတစ်လမ်း၏ အမည်။