Monday, April 16, 2012

အသိအမှတ်ပြုခြင်းမခံရသော စွန့်လွှတ်မှုများ

လွန်ခဲ့သော မတ်လ ၉ ရက်နေ့က ဖြစ်သည်။ မိတ်ဆွေတစ်ဦးက အလည်ဖိတ်၍ ရောက်သွားသည်။ ညနေစောင်းတွင် မိတ်ဆွေ၏ မိသားစုအား နှုတ်ဆက်ပြီး တိုက်ခန်းမှ လမ်းပေါ်သို့ ထွက်အလာ မီးသတ်ကားဥသြဆွဲသံတွေကို ကြားလိုက်ရပါသည်။ မိတ်ဆွေ၏အိမ်နှင့်
မနီးမဝေး(မန္တလေးအခေါ် တစ်ပြခန့်)တွင် အဆောက်အဦတစ်ခုမှ မီးခိုးလုံးကြီးများ တအူအူ ထွက်နေသည်ကို လှမ်းမြင်လိုက်ရပါသည်။ အဆောက်အဦတစ်ခုခု မီးလောင်နေသည်မှာ သေချာပြီ။ ကျွန်ုပ်လည်း မီးလောင်သည်ကို မျက်မြင်ကိုယ်တွေ့ တစ်ကြိမ်တစ်ခါမျှ
မကြုံဖူးသည်ကတစ်ကြောင်း၊ သူတို့နိုင်ငံတွင် မီးလောင်လျှင် အဘယ်သို့ ငြိမ်းသတ်သနည်း၊ ဘယ်လို စီမံကွတ်ကဲကြသနည်းဆိုသည်ကို စိတ်ဝင်စားသည်ကတစ်ကြောင်းကြောင့် မီးလောင်ရာဆီသို့ အပြေးတစ်ပိုင်းနှင့် သွားကြည့်မိသည်။ ရုံးပေါင်းစုံတို့ စုဝေးရာ
စီးပွားရေးအဆောင်အဦကြီးတစ်ခု မီးလောင်နေပါသည်။ မီးတောက်မီးလျှံက တဟုန်းဟုန်း၊ လူတွေပြေးကြလွှားကြ တရုန်းရုန်းနှင့်။ မီးသတ်သမားတို့က မီးကိုစတင်ငြိမ်းသတ်နေပါပြီ။ ရဲကားများ ဥသြသံတစ်အူအူပေး၍ တစ်စီးပြီး တစ်စီးရောက်လာသည်။
သိပ်မကြာလိုက်ပါ။ အဆောက်အဦပတ်လည်တွင် ရဲများက နေရာဖြန့်ကျက်ယူထားလိုက်ပြီး မည်သူ့ကိုမှ ၀င်ခွင့်မပေးတော့ပါ။

ကျွန်ုပ်နှင့်မလှမ်းမကမ်းတွင် အသက် ၃၅နှစ်ခန့်အရွယ် အမျိုးသမီးတစ်ဦး ငိုနေသည်ကို သတိထားမိသည်။ ၈နှစ်ခန့်အရွယ် ကလေးငယ်ကို ချီထားသည်။ ရဲမေတစ်ဦး ရောက်လာပြီး မေးမြန်းနှစ်သိမ့်နေသည်။ ကလေးငယ်မှာ ခြေတစ်ဖက်မစွမ်းသည့်
ဒုက္ခိတလေးဖြစ်နေသည်။ ကျွန်ုပ်လည်း စူးစမ်းလိုသဖြင့် (စပ်စုလိုသဖြင့်) သူတို့ပြောနေကြသည်ကို နားစိုက်ထောင်နေမိရာ ရုံးခန်းထဲတွင် လက်ပ်တော့ကွန်ပြူတာတစ်လုံး မေ့ကျန်ခဲ့သောကြောင့်ဟု သိလိုက်ရသည်။ "လက်ပ်တော့တစ်လုံး ဆုံးသွားတာလောက်နှင့် ဒီလောက်တောင် ငိုနေရောလား"ဟု စိတ်ထဲမှာ မေးမိသည်။ ဖြေကပေါ်လာပါသည်။ တန်ဖိုးကြီးမားလှသည့် လုပ်ငန်းဆိုင်ရာ Data များကို ထိုလက်ပ်တော့ထဲတွင် သိမ်းထားသည်ဟု သိရသည်။ (Back up လုပ်ထားမိဟန်မတူ။)  "သားလေးက တစ်ဖက်ဆိုတော့ အဲဒါကို ယူဖို့ သတိမရတော့ဘူးရှင့်" ဟု ပြော၍ ငိုရှာသည်။ ရဲမေလည်း စိတ်မကောင်းဖြစ်နေပုံရသည်။ ကျွနိုပ်လည်း "သြော် ... သားဇောကြောင့်ကိုး...."ဟု ကရုဏာသက်မိပါသည်။

ကျွန်ုပ်လည်း ထိုမိခင်နှင့်ကလေး၏ဖြစ်အင်ကို အိမ်ပြန်လာရာလမ်းတစ်လျှောက်လုံး ဘာမဆိုင်ညာမဆိုင်နှင့် တွေးနေခဲ့မိသည်။ မီးလောင်သည်နှင့် မည်သူမဆို မိမိ၏တန်ဖိုးအကြီးဆုံး ပစ္စည်းကို သတိရကြမည်ဖြစ်သည်။ ဒုက္ခိတသားငယ်သာ အနားမှာမရှိပါက
ထိုအမျိုးသမီးသည်လည်း ''မီးဟဲ့'' ဆိုသည်နှင့် တစ်ပြိုင်နက် မိမိအလုပ်လုပ်နေသော လက်ပ်တော့ကို သတိရဖွယ်ရှိသည်။ သားဇောကြောင့်သာ လက်ပ်တော့ကို သတိမရနိုင်တော့ခြင်း ဖြစ်ဟန်ရှိသည်။ ထိုမိခင်မှာလည်း မိမိအတွက် တန်ဖိုးအကြီးဆုံးဖြစ်သော data များ ဆုံရှုံးရခြင်း၏ တရားခံသည် ဒီသားကြောင့်ဟု မည်သည့်အခါမှ စဉ်းစားမည်မဟုတ်ပါ။ ထို့အတူ သားငယ်မှာလည်း "ငါ့မိခင်သည် ငါ့အတွက် တန်ဖိုးကြီးမားစွာ ပေးဆပ်လိုက်ရပေသည်"ဟု အသိအမှတ်လည်း ပြုနေမည် မဟုတ်ပါ။ တွေးပင်တွေးတတ်ဦးမည် မဟုတ်ပါ။

မိမိတို့ လုပ်ကိုင်စားသောက်နေသည့် လယ်ယာတို့ကို ရောင်းချကာ သားသမီးတို့၏ ပညာရေးကို အားပေးနေကြသည့် တောင်သူလယ်သမား မိဘတို့ များစွာရှိပါသည်။ သားသမီးတို့က ''သြော်  ငါတို့မိဘသည် ငါတို့အတွက် စွန့်လွှတ်ရှာပေသည်။ အဆင်းရဲခံကြရှာပေသည်'' ဟု အသိအမှတ်ပြုကြသေးသည်။ သားသမီးများ မျက်နှာငယ်၊ အရှက်ရမည်စိုး၍ အရွယ်ရှိပါသေးလျှက် နောက်အိမ်ထောင်မပြုတော့သော မိခင်မုဆိုးမ၏ စွန့်လွှတ်မှုကိုလည်း အသိအမှတ်ပြုနိုင်ကြသေးသည်။ သို့သော် ဤမိခင်၏ ဆုံးရှုံးမှုမျိုးကိုကား ‘ငါတို့ကြောင့် နစ်နာဆုံးရှုံး ပေသည်’ ဟု သားသမီးများက ဘယ်တော့မှ စဉ်းစားမိကြမည် မဟုတ်ပါ။

ဤသို့ အသိအမှတ်ပြုခြင်းမခံရသည့် စွန့်လွှတ်မှုများကား ဘယ်လောက်ပင် များပြားနေမည်နည်းဟု ကျွန်ုပ် တွေးနေခဲ့မိသည်။

ထိုသို့တွေးရင်း မိမိနေထိုင်ရာ ကျောင်းသားဆောင်သို့ရောက်လာသည်။ ကပ်လျက်အခန်းမှ ညီငယ်များ "We were soldiers" ဇာတ်ကားကြည့်နေသည်ကို တွေ့ရသည်။ ကျွနိုပ်၏အတွေးတို့ကား ထိုဇာတ်ကားဆီသို့လှည့်သွားသည်။ "We were soldiers"
ဇာတ်ကားသည် "Battle of Ia Drang" အမည်ရှိ ၁၉၆၅ နိုင်ဝင်ဘာတွင်ဖြစ်ပွားသည့် ဗီယက်နမ်-အမေရိကန် စစ်ပွဲကို အခြေခံထားပါသည်။ ထိုစစ်ပွဲတွင် စစ်သားပေါင်း ၂၉၇၄ဦး ဒဏ်ရာရ/အသက်ပေးခဲ့ရသည်ဟု မှတ်တမ်းများအရ သိရသည်။ စစ်သည်ပေါင်းများစွာခြေလက်အင်္ဂါတို့ကို စတေးခဲ့ကြရသည်။ အသက်ကိုလည်း ပေးခဲ့ကြရသည်။ သို့သော် ထိုအချိန်က အမေရိကန်ပြည်သူတို့သည် ထိုစစ်ပွဲကို ဆန့်ကျင်ခဲ့ကြသည်၊ ရှုံ့ချခဲ့ကြသည်ဖြစ်ရာ စစ်ပွဲကြီးပြီးဆုံး၍ နိုင်ငံသို့ ပြန်ရောက်ချိန်တွင် စစ်ပြန်ရဲဘော်တို့အား မည်သူကမျှ သူရဲကောင်းကြီးများအဖြစ် မသတ်မှတ်ကြ။   

ကျွန်ုပ်တို့ မြန်မာနိုင်ငံတ၀ှမ်းတွင် လွတ်လပ်ရေးရပြီးကတည်းက စစ်မက်များ ဖြစ်ပွားနေသည်မှာ ယနေ့အချိန်အထိ ဖြစ်သည်။ အစိုးရတပ်မှဖြစ်စေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှဖြစ်စေ မည်သည့်စစ်သားမဆို အမိန့်နာခံရသည်။ တိုက်ဆိုတိုက်ကြရသည်။
တိုင်းတစ်ပါးရန် ကာကွယ်တွန်းလှန်ရင်းနှင့်ဖြစ်စေ၊ လွတ်လပ်ရေးအတွက်ဖြစ်စေ ခြေလက်အင်္ဂါစွန့်သွားကြရသော၊ အသက်ကိုပင် စတေးသွားကြရသော စစ်သည်များကိုမူ ပြည်သူတို့က သူရဲကောင်းကြီးများအဖြစ် အသိအမှတ်ပြု မော်ကွန်းတင်ကြပေသည်။
တန်ဖိုးထားကြပေသည်။ သို့သော် ယခုကဲ့သို့ ပြည်တွင်းစစ်ပွဲတွင် စစ်သည်တစ်ယောက် ခြေလက်အင်္ဂါပြတ်သွားရုံ၊ ကျဆုံးသွားရုံလောက်နှင့် ကွပ်ကဲအုပ်ချုပ်သူ ခေါင်းဆောင်တို့အဖို့ ရေးကြီးခွင်ကျယ်ကိစ္စဟု သဘောထားဟန်မတူကြပါ။ ထိုသို့ စွန့်လွှတ်မှုများအတွက် သူရဲကောင်းတံဆိပ်တစ်ခုခုလည်း ချီးမြှင့်ကြမည်မဟုတ်ပါ။ ပြည်သူလူထုကလည်း "အိမ်ကြက်ချင်းခွတ်လို့ ဖြစ်တာပဲ"ဆိုပြီး မည်သူကမျှ နိုင်ငံအတွက် ပေးဆပ်ခဲ့သော သူရဲကောင်းကြီးများအဖြစ် အသိအမှတ်ပြုကြမည်မဟုတ်ပါ။ စာနာနိုင်ကြမည်လည်း မဟုတ်ပါ။ သို့သော် ထိုစစ်သည်နှင့် ဆွေမျိုးများ၊ မိသားစုဝင်များအတွက်မူ အစားထိုး၍မရနိုင်သော ဆုံးရှုံးမှုကြီးဖြစ်သည်။ ကြီးစွာသော ပေးဆပ်မှုကြီး ဖြစ်သည်။

ဤသို့ အသိအမှတ်ပြုခြင်းမခံရသော မထင်ရှားသည့် ပေးဆပ်မှုများ မိမိကြီးပြင်းခဲ့ရာ ပတ်ဝန်းကျင်တွင်မည်မျှပင် ရှိနေမည်နည်းဟုလည်း တွေးတောဆင်ခြင်မိသည်။
ကျွန်ုပ်တို့၏ ဦးကြီးတော်စပ်သူ(မိခင်၏ တစ်ဝမ်းကွဲအစ်ကို)၏ ပေးဆပ်မှုမျိုးကို သွားသတိရမိသည်။ ဦးကြီးကား မောင်နှမ ၅ယောက်တွင် အကြီးဆုံးဖြစ်သည်။ သူ၉တန်းတက်ရောက်သည့်နှစ်တွင် ဖခင်ဖြစ်သူ ဆုံးပါးသွားရာ အစ်ကိုကြီး အဖရာဆိုသည့်အတိုင်း မိခင်ကြီးကို လယ်ယာလုပ်ငန်းတွင် ကူရန် ကျောင်းထွက်ခဲ့ရပါသည်။ ဘ၀တုန်းခဲ့ရရှာသည်။ ညီငယ်ညီမငယ်တို့ ကျောင်းပညာရေးအတွက် ပင်ပန်းကြီးစွာ ရုံးကန်ခဲ့ရရှာသည်။ ရသမျှ သီးနှံရောင်းရငွေနှင့် မလောက်င၍ မိဘပိုင် လယ်ယာတို့ပါ ရောင်းချ ပို့ပေးခဲ့ရသည်။ ညီငယ်ညီမငယ်တို့ကား ပညာတတ်ကြီးများ၊  ဖြစ်လာကာ ပညာရဲရင့် ပွဲလည်တင့်ကြပါသည်။ စီးပွားရေးလုပ်ငန်းရှင်ကြီးများ ဖြစ်သူက ဖြစ်လာကြပါသည်။ သူ့မှာမူ လူကြားထဲတွင် ရဲရဲဝံ့ဝံ့ မသွားရဲ။ တခါတရံတွင် ညီငယ်ညီမငယ်တို့၏ ငေါက်ငန်းချင်းကိုပင် ခံရရှာသည်။ သူ့ခင်မျာ ပြန်လည်း မပြောတတ်ရှာပါ။ သူ၏ပေးဆပ်ခဲ့မှုကိုလည်း ညီငယ်ညီမငယ်တို့က မမြင်ကြပါ။ အသိအမှတ်မပြုကြပါ။

သြော်... ဤသို့ အသိအမှတ်ပြုမခံရသည့် မထင်မရှားပေးဆပ်မှုများကား လောကကြီးထဲတွင် မည်မျှရှိနေမည်နည်း။

No comments:

Post a Comment