Monday, April 16, 2012

သိပ်လှတာပဲ



"Beauty Without Virtue Is Like A Flower Without Perfume."
"မြင့်မြတ်ခြင်းကင်းသော အလှတရားသည် ရနံ့ကင်းမဲ့သောပန်းကဲ့သို့ ဖြစ်ချေသည်။"  ဒီစကားကို မည်သူပြောခဲ့ပါသနည်း။ ထိုသူကား အခြားမဟုတ်။ ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းပင် ဖြစ်တော့သည်။ အိုင်းစတိုင်းကို ကျွနိုပ်လေးစားအားကျမိသည်ကား ကြီးကျယ်ခန်းနားသော ဦးနှောက်ပိုင်ရှင် ဖြစ်သောကြောင့်သာမဟုတ်။ မြင့်မြတ်သော၊ လှပသော နှလုံးသားပိုင်ရှင်လည်း ဖြစ်သောကြောင့်တည်း။ ပညာရှင်ကြီးအား လေးစား အားကျမိသည့်အလျှောက် သူ၏ အတ္ထုပ္ပတ္တိကိုသာမက သူရေးသားခဲ့သော မှတ်ဖွယ်မှတ်ရာ ထိုထိုစာများ၊ စကားများကို လက်လှမ်းမီသလောက် ရှာဖွေဖတ်ကြည့်မိသည်။ ထိုသို့ ဖတ်ရှုခဲ့ရသော စာများ၊ စကားများထဲမှ အထက်ပါ "Beauty Without Virtue Is Like A Flower Without Perfume." သည် ကျွနိုပ်ရင်ထဲသို့ ထိုးဖောက်စိမ့်ဝင်သွားပါသည်။ စကားလှသလောက်၊ တစိမ့်စိမ်တွေးလျှင် တရေးရေးပေါ်လောက်အောင် အဓိပ္ပာယ်ရှိလှပါသည်။
 **********************************************
လောကတွင် သူတစ်ပါးတို့၏အကျိုး၊ လူ့အဖွဲ့အစည်း၏အကျိုးကို သူတော်ကောင်းစိတ်ထားအပြည့်ဖြင့် အပတ်တကုတ် ကြိုးပမ်းအားထုတ်နေကြသော ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများစွာ ရှိပါသည်။ သို့သော် သူတစ်ပါးအကျိုးကို မည်မျှပင် ကောင်းအောင် ရွက်သယ်ပိုးစေကာမူ လောက၏သဘောအတိုင်း ကဲ့ရဲ့ခံရမှုကား မကင်းချေ။ သူတစ်ပါး၏အကျိုး၊  လောက၏အကျိုးကို မိမိကိုယ်တိုင်က အားမထုတ်၊ သူတစ်ပါးတို့ ပြုလုပ်နေသည်ကိုလည်း အပြစ်ရှာ၊ ရှုံ့ချဝေဖန်တတ်ကြသည့် ပုဂ္ဂိုလ်တို့လည်း ရှိလေသည်။ ဤတွင် မိမိဖတ်ဖူးသည့် မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး ၁၃၁၅ခု ပြာသိုလရက်စွဲဖြင့် ရေးသားခဲ့သည့် စာကို သွားသတိရမိသည်။
ဆရာတော်ဘုရားကြီးကား ကျမ်းဂန်ဋီကာ မြောက်များစွာတို့ကို ရေးသားခဲ့သော သာသနာ့နေမင်းတစ်ဆူ ဖြစ်ခဲ့သည်။ ထိုအချိန်က ဆရာတော်နှင့်ခေတ်ပြိုင် ရဟန်းတော်များထဲမှ ပုထုဇဉ်တို့ သဘာဝအတိုင်း မိမိထက်သာလျှင် မနာလိုမရှုစိမ့်ဖြစ်ကာ ဆရာတော်ကြီးရေးသားသည့် စာများကို ပြစ်တင်ဝေဖန်ကဲ့ရဲ့ကြသည့် ရဟန်းတို့လည်း ရှိခဲ့သည်။ ထိုအကြောင်းကို ဆရာတော်ဘုရားကြီး ကြားသိတော်မူ၍
“ဤဘာသာဋီကာ၊ အမည်သာသည်၊ မှီရာသိပ်သည်း၊ နိဿရည်း၌၊ သတိကင်းပေါ့၊ မော့လျော့ခြင်းကြောင့်သော်လည်းကောင်း၊ စိတ်ဆတ်ခြောက်ခြား လွင့်ပါးခြင်းကြောင့်သော်လည်းကောင်း၊ ဖောက်ပြန်ချွတ်ယွင်း၊ ယုတ္တိကင်းသော အကြင်စကားကို ငါသည် အကယ်၍ ဆိုမိငြားအံ့။ ထိုမှားလတ် စကားရပ်ကို ကရုဏာမှု၊ မေတ္တာပြု၍ ရှုလေ့ရှုထ၊ ရှိကြကုန်သော အဘိဇ္ဈာကင်း၊ ဣဿာရှင်း၍၊ ၀မ်းတွင်းစိတ်ကောင်း၊ သူတော်ကောင်းအပေါင်းတို့သည် မိမိစီရင်၊ ကျမ်းအသွင်သို့၊ ပြင်ဆင်ကာ ရှုနိုင်ကြပါစေသတည်း” ဟု ရေးသားတော်မူခဲ့ပါသည်။

ကျွနိုပ် အလွန်သဘောကျပြီး “သိပ်လှတာပဲ” ဟု ရင်ထဲမှာ ရေရွတ်မိပါသည်။
 *********************************************************************
            ကျွနိုပ် စမားလင်းမြို့ကိုရောက်ခါစတုန်းက ရုရှားဘာသာစကားသင်ပေးသည့် ဆရာမကြီးကဖတ်ခိုင်း၍ ဖတ်ခဲ့ရသော ပုံပြင်လေးတစ်ပုဒ်ကို သတိရနေမိသည်။ ရုရှားဘာသာစကား သင်ခါစဖြစ်၍ သိပ်နားမလည်လှ။ ပုံပြင်၏အနှစ်သာရကို ရှင်းရှင်းလင်းလင်းသိလိုသောကြောင့် ခေါင်းစဉ်ကို ဘာသာပြန်၍ အင်တာနက်ထဲတွင် လိုက်ရှာကြည့်ရာ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် မူရင်း ပုံပြင်ကို သွားတွေ့သည်။ ထိုပုံပြင်ကို ဆီလျှော်အောင်ဘာသာပြန်ရလျှင် ဤသို့ဖြစ်သည်…
            တရံရောအခါက အဖိုးအိုတစ်ယောက်သည် ပင်လယ်ခရီးတစ်ခုသွားရာ သဘောင်္ပေါ်တွင် လူငယ်တစ်ဦးနှင့်တွေ့ပြီး ခရီးတစ်လျှောက်လုံး စကားစမြည် ပြောဖြစ်ခဲ့ကြသည်။ ထိုလူငယ်ကား တက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်နေသည်။  အဖိုးအိုသည် ထိုလူငယ်ပညာတတ်ထံသို့ ညတိုင်းသွား၍ စကားပြောရင်း ပညာတစ်ခုခု လေ့လာရန်ကြိုးပမ်းသည်။

            သဘောင်္စထွက်သော ပထမည….
ပါမောက္ခလူငယ်။   ။ အဖိုးကြီး၊ ဂျီအိုလော်ဂျီ (geology)ဆိုတာ ဘာလဲ သိလားဗျ။
 အဖိုးအို။             ။ ပါမောက္ခကြီးရယ်၊ ကျုပ်က ကျောင်းတောင် မနေခဲ့ရပါဘူးဗျာ။ ဂျီအိုလော်ဂျီဆိုတာ ကြားတောင် မကြားဖူးပါဘူး။ အဲဒါဘာခေါ်သလဲ ပါမောက္ခကြီး ရှင်းပြပေးပါလား။
ပါမောက္ခ။            ။ခင်ဗျားဗျာ၊ သိပ်သနားစရာကောင်းနေပြီ။ ဂျီအိုလော်ဂျီဆိုတာလေးတောင်  မသိဘူး။  ဂျီအိုလော်ဂျီဆိုတာ ကမ္ဘာကြီးကို လေ့လာတဲ့ ပညာရပ်ဗျ။ ဂျီအိုလော်ဂျီမှ မသိရင် ခင်ဗျားအသက် ၄ပုံတစ်ပုံ ကုန်ပြီလို့သာ မှတ်။
ပါမောက္ခ၏စကားကြောင့် အဖိုးအိုမှာ မိမိ၏အသက် ၄ပုံတစ်ပုံအလဟဿကုန်ခဲ့ရပြီဆိုပြီး စိတ်မကောင်းဖြစ်သွားသည်။

            ဒုတိယည... ရေနက်ပိုင်းသို့ရောက်လာပြီ။ ပါမောက္ခလူငယ်လေးသည် ကြယ်တာရာတို့ စုံလင်ပြီး အလှပေါင်းခနေသော ကောင်းကင်ကြီးကို ငေးမေးကြည့်နေသည်။ ထိုအခိုက် အဖိုးအို သူ့ထံရောက်လာသည်။
ပါမောက္ခ။            ။ အဖိုးကြီး၊ အိုရှင်နိုလော်ဂျီ (Oceanology)ဆိုတာ ဘာလဲသိလား။
အဖိုးအို။  ။ ပါမောက္ခကြီးရယ၊် ကျုပ်က သာမန်လူတစ်ယောက်ဆိုတော့ အိုရှင်နိုလော်ဂျီဆိုတာလဲ မသိပါဘူးဗျာ။ အဲဒါပါလဲ။
ပါမောက္ခ။            ။ခက်တာပဲဗျာ...ခင်ဗျားတော့။ အခုကျုပ်တို့ သမုဒ္ဒရာခရီးသွားနေတာတောင် ခင်ဗျားက သမုဒ္ဒရာတွေရဲ့ အကြောင်းကို လေ့လာတဲ့ အိုရှင်နိုလော်ဂျီကို မသိဘူးဆိုတော့ ခင်ဗျားသက်တမ်းရဲ့ တစ်ဝက်က အလကားဖြစ်ပြီဗျ။
အဖိုးကြီး ငိုင်သွားသည်။

            တတိယည… ကောင်းကင်တွင် ယခင်ညလို ကြယ်စင်တို့ မလင်းလက်တော့။ မှုန်ပြာဝေသည့်တိမ်လွှာတို့ လွှမ်းနေသည်။ အဖိုးအိုမှာ ဇွဲမလျှော့သေး။ လူငယ်ပညာတတ်ထံ ချဉ်းကပ်ပြန်သည်။
ပါမောက္ခ။            ။ အဖိုးကြီး မ်ီတီရိုလောဂျီ (Meterology)ဆိုတာ သိလား။
အဖိုးအို။  ။အဲဒါလည်း မသိဘူး ပါမောက္ခကြီး။
ပါမောက္ခ။  ။ခင်ဗျားနှယ်၊ မ်ီတီရိုလော်ဂျီလည်းမသိ၊ အိုရှင်နိုလော်ဂျီလည်းမသိ၊ ဂျီအိုလော်ဂျီဆိုတာလဲမသိ။ တော်တော်ခက်နေပြီ။ မီတီရိုလော်ဂျီဆိုတာ ကောင်းကင်ကြီးနဲ့ မိုးလေ၀သအခြေအနေကို လေ့လာတဲ့ ပညာရပ်ဗျ။ ခင်ဗျားအသက်တော့ ၄ပုံ၃ပုံ ဆုံးပြီသာမှတ်။
အဖိုးအိုမှာ မိမိအသက် ၄ပုံ၃ပုံတောင် ဆုံးရပြီဟု တွေးပြီး စိတ်မကောင်းကြီးစွာဖြင့် မိမိနေရာသို့ လှည့်ပြန်သွားသည်။

စတုတ္ထည…. ကောင်းကင်မှာ တိမ်စိုင်တိမ်ရိပ်တို့ တလိပ်လိပ်ထပ်ကာ မိုးစရွာလေပြီ။ လေတိုက်နှုန်းလည်း ပြင်းထန်လာပြီ။ ပါမောက္ခလူငယ်သည် မုန်တိုင်း၏  အငွေ့အသက်ကို စတင်ခံစားမိပြီး စိုးရွံ့စိတ်တို့ဝင်လာသည်။ ထိုအခိုက် အဖိုးအို အပြေးတစ်ပိုင်းနှင့် ရောက်လာသည်။
အဖိုးအို။  ။ပါမောက္ခကြီး၊ ဆွင်မိုလော်ဂျီ(Swimmology)ကို သိလား။
ပါမောက္ခ။            ။ အဖိုးကြီးကလည်းဗျာ၊ ကျုပ်ဖြင့် တက္ကသိုလ်မှာ ပညာရပ်ပေါင်းစုံသင်ခဲ့လှပြီ။ ပညာရပ်တော်တော်များများလည်း သိပါတယ်။ ဒါပေမယ့် ဆွင်မိုလောဂျီဆိုတာကြီးတော့ မကြားဖူးပါဘူးဗျာ။ ခင်ဗျားနှယ် ပေါက်ပေါက်ရှာရှာ မေးတတ်ပေတယ်။

လေမုန်တိုင်းဝင်လာပြီ။ မုန်တိုင်းနှင့်အတူ မိုးထစ်ချုန်းသံကြီးများကလည်း ကြောက်ခမန်းလိလိ။ လျှပ်စီးလက်လိုက်တိုင်း မြင်ရသော တိမ်တိုက်မဲမဲကြီးများကလည်း သရဲဘီလူးကြီးများသဖွယ်။ သဘောင်္မှာလည်း ဧရာမလှိုင်းလုံးကြီးများကြားတွင် လူးခါနေပြီ။

အဖိုးအို။  ။ ဒါဆို ခင်ဗျားရေကူးတတ်သလား။
ပါမောက္ခ။            ။ရေကူးလား။ ပညာရပ်ပေါင်းစုံ သင်နေရတာနဲ့တင် အလုပ်တွေရှုပ်လွန်းလို့ ရေးကူးသင်ဖို့ကို အချိန်မပေးနိုင်ခဲ့ပါဘူးဗျာ။
အဖိုးအို။  ။ အရင်ညတွေက ပါမောက္ခကြီး ကျုပ်ကို ဘာလော်ဂျီ သိလား၊ ညာလော်ဂျီ သိလားနဲ့၊ လော်ဂျီတွေစုံနေတာပဲ။ ပြီးတော့ ကျုပ်က အဲဒါတွေ မသိလို့ ကျုပ်အသက်ရဲ့ ၄ပုံ၃ပုံဆုံးပြီလို့ ပြောခဲ့တယ်နော်။ တကယ်တော့ ခင်ဗျားကမှ တကယ့် သနားစရာ သတ္တ၀ါဗျ။ အခု သဘောင်္မြုတ်တော့မယ်။ ဆွင်မိုလော်ဂျီမှ မသိရင်တော့ ခင်ဗျားတစ်သက်လုံးဆုံးပြီသတ်မှတ်။

            ဤပုံပြင်ကိုဖတ်ပြီးသည့်အခါ တစိမ့်စိမ့်တွေးရင်း သဘောကျပြီး “သိပ်လှတာပဲ’’ ဟု ခဏခဏရေရွတ်နေမိသည်။ တက္ကသိုလ်အသီးသီတွင် ပညာရပ်အမျိုးမျိုးကို သင်ကြားနေကြသော ကျွနိုပ်ကဲ့သို့ ကျောင်းသားများအတွက် “လောကမှာ ကျောင်းပညာရပ်တွေ မည်မျှပင်သင်ယူလေ့လာထားစေကာမူ၊ လက်တွေ့ဘ၀ပင်လယ်ကို ရင်ဆိုင်ဖြတ်သန်းရာတွင် ထိုပညာရပ်များနှင့်မလုံလောက်သေး။ ဘ၀ထဲတွင် ရင်ဆိုင်ရသော အခက်အခဲများ၊ ပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်မူ၊ ဒုက္ခပေါင်းစုံကြားမှ ရှင်သန်လွတ်မြောင်နိုင်မူစသော အရည်အသွေးတို့လည်း လိုအပ်ပေသည်” ဟူသောအချက်ကို မီးမောင်းထိုးပြလိုက်သကဲ့သို့ ရှိချေသည်။
******************************************************

            ကမ္ဘာကျော်ကဗျာဆရာကြီး Sandi Vandar Sluis ၏  A window away ဆိုသော ကဗျာတစ်ပုဒ်ကို သွားပြီး သတိရမိပြန်သည်။ ဆရာကြီးက သူနေထိုင်ရာ အိမ်ပြတင်းပေါက်မှ လှမ်းကြည့်ရာတွင် ငှက်ကလေးတွေကို သွားမြင်သည်။ “သူတို့ဟာ သစ်ကိုင်းလေးတွေပေါ်မှာ၊ အိမ်လေးတွေပေါ်မှာ နားခိုနေပြီး သူတို့ကိုကြည့်ရတာဟာ အလွန်တရာမှပင် ကြည်နူးစရာကောင်းလှလေရဲ့။ သူတို့တစ်တွေ သီချင်းတွေ လှလှပပသီကျူးတာကို နားထောင်ရတာ ကျွနိုပ်ရဲ့ ပူပင်သောကတွေက ပြေပျောက်စေတယ်။ တချို့ငှက်လေးတွေက ကျွနိုပ်စိုက်ပျိုးထားတဲ့ ပန်းဝတ်မှုံတွေကို နှစ်ခြိုက်စွာ စားသုံးနေကြပေါ့။ ရှင့်ကလေးကလည်း ရှာလို့ရထားသမျှ သစ်စေ့တွေကို ပါးတွေ ဖောင်းနေအောင်ငုံပြီး သူနေတဲ့ သစ်ခေါင်းဆီကို ခေါက်တုန့်ခေါက်ပြန် သယ်နေလေရဲ့။ ယုန်ကလေးတွေကလည်း ပြေးလွှားခုန်ပေါက်ဆော့ကစားရင်း သာယာလှပတဲ့နေ့ကို ခံစားနေကြပေါ့။” ကျွနိုပ် အကြိုက်ဆုံးကတော့ ကဗျာရဲ့ နောက်ဆုံးစာသားလေးပါ။
            “Mother Nature is a window away
            I am thankful for this every day.”

****************************************************

ထို့ပြင် အင်္ဂလိပ် စာဆိုအကျော် ဂျွန်ကိ(တ်စ်) (John Keats) ၏ ‘ဂရိအရိုးအိုး တစ်ခုအတွက် တမ်းချင်း’ (Ode on a Grecian urn) ထဲမှ နောက်ဆုံး စာကြောင်းလေးကို သတိရမိပြန်သည်။
            “Beauty is truth, truth beauty” … that is all
            Ye know on earth, and all ye need to know.
            “အလှသည် သစ္စာ၊ သစ္စာသည် အလှ” တဲ့…
            ဒါကို သင်တို့သိသလို၊ သိဖို့လဲ လိုတယ်……
သိပ်လှတာပဲ …………………………………………………

No comments:

Post a Comment