Monday, April 16, 2012

ရုရှားပျိုသို့ မေးခွန်းတစ်ခု

ဆောင်းဦးပေါက်စ၊ တစ်ညနေတွင်
သစ်ပင်အုပ်ဆိုင်း၊ သင်္ချိုင်းဘေးလမ်း
ဖြတ်သန်းအသွား၊ လူအုပ်ကြားက
အသုဘယာဉ်ကို၊ လှမ်း၍မြင်၏။

အသုဘယာဉ်ဘေး၊ မနီးမဝေးတွင်
တုန်ယင်တုန်ယဲ့၊ ညှိုးရော်နွဲ့လျ
ဖြေရအခက်၊ လှိုက်တုန်တက်၍
နှလုံးအက်ကွဲ၊ သူ့ရင်ထဲမှာ
ရှားမီးခဲလျှံ၊ မြိုက်လောင်ထန်သော်
ကျင်ဖော်အတွက်၊ ကမ္ဘာပျက်မျှ
ကျေကွဲရကား၊ ရုရှားပျိုသည်
ဥသြငှက်လို ငိုနေသတည်း။

(လေးလလောက်အကြာ)
တိမ်လွှာတွေရှင်း၊ နှင်းစက်တို့ပျောက်
နွေဦးပေါက်အစ၊ မနေ့ကပေါ့
"အူစမာနော့ဖ်"ဖက်၊ လမ်းလျှောက်ထွက်လာ
ဘေးဘယ်ညာဆီ၊ ကြည့်လိုက်သည်တွင်
(အလို...)
ထိုရုရှားမ၊ မိန်းမလှသည်
နှင်းဆီရောင်လွှမ်း၊ သူ့နှုတ်ခမ်းပါး
အနမ်းများချွေ၊ ခုန်တန်းရှည်ပေါ်
အပျော်မူးရစ်၊ ချစ်သူသစ်နှင့်
ခိုးခိုးခစ်ခစ် ရယ်နေသတည်း။

ရုရှားပျိုသည်
တစ်ရာသီပြောင်းရုံနဲ့
အဟောင်းကိုမေ့၊ အသစ်တွေ့သော်
မပျော်တောအုပ်၊ အပူရုပ်လည်း မဆင်တော့။
သောကပင်တွေကြား၊
အလွမ်းများလည်း မကောက်တော့။

သောကထူပြော၊ အလွမ်းတောမှာ
ပန်းမျောအိပ်မက်၊ ရက်ရှည်မနေ
မျက်ရည်တွေလည်း သူ မချွေတော့။

အို....ရုရှားပျို
ငါးတစ်ကောင်လို၊ နားခိုဖူးရာ
အင်းအိုင်သာလည်း၊ ရင်မှာမရှိ
မငြိတွယ်တတ်၊ စိတ်လွတ်လပ်စွာ
ဖြတ်သန်းရှေ့ဆက်သွားပြီလော...

မှတ်ချက်။       ။ အူစမာနော့ဖ် = မော်စကိုမြို့ လမ်းတစ်လမ်း၏ အမည်။

No comments:

Post a Comment