Monday, April 16, 2012

ဘဲလေးအက၊ မြန်မာသံဇဉ်သီချင်းနဲ့ ကျွန်တော့်အတွေးများ

" ညီညွတ်ရေးနဲ့.... အသက်ရှည်ရှည် ခင်ခင်မင်မင်.... လက်ရည်တစ်ပြင်တည်း..... ရှေးကတော့ ပိုချစ်ကြသည်... ''
နန်းတော်ရှေ့ဆရာတင် ရေးခဲ့တဲ့ "လက်ရည်တစ်ပြင်တည်း" ဆိုတဲ့ သီချင်းသံ အစ်ကိုကြီးတစ်ယောက်ရဲ့ အခန်းထဲမှာ လွင့်ပျံနေတယ်။  အဲဒီသီချင်းမတိုင်ခင်က မြို့မငြိမ်းရဲ့ "လူချွန်လူကောင်း" နဲ့ သန်းမြတ်စိုးဆိုထားတဲ့ "အကျင့်ဆိုး'' ဆိုတဲ့သီချင်း၂ပုဒ်။ အစ်ကိုကြီးက ထမင်းစားနေချိန်မို့ ညိမ့်ညောင်းတဲ့ မြန်မာသံဇဉ်တေးတွေကို ဖွင့်ထားဟန်တူပါရဲ့။  သိပ်မကြာလိုက်ပါဘူး။ သူနဲ့အတူ ထမင်းစားနေတဲ့
အငယ်တစ်ယောက်က "အစ်ကိုကလည်းဗျာ၊ ဘာသီချင်းတွေဖွင့်ထားမှန်းမသိဘူး၊ ရွာက အလှူပွဲကြနေတာပဲ" ဆိုပြီး ထမင်းစားရာက ထပြီး
ကွန်ပြူတာမှာ သွားပိတ်ပါတော့တယ်။ ပြီးတော့ သူကြိုက်တဲ့ အာဖရိကန် Hip-Hop Group တစ်ခုရဲ့ သီချင်းတွေကို You Tubeမှာ ရှာဖွင့်ပါလေရော။အဲဒီမှာ သူတို့ထမင်းဝိုင်းဘေးမှာ ထိုင်နေတဲ့ကျွန်တော့်ခေါင်းထဲ အတွးတွေဝင်လာပါတော့တယ်။ မြန်မာသံဇဉ်တေးတွေကို ဒီလူငယ့် နားက လက်မခံနိုင်ဘူး။ ကျွန်တော်တို့ရဲ့ DSTA ကျောင်းအုပ်ကြီးဟောင်း ဗိုလ်မှူးချုပ်ဝင်းမြင့်ရဲ့ စကားနဲ့ ပြောရရင် နားကလောတယ်နဲ့တူပါရဲ့။

ကျွန်တော်ဟာ ခေတ်လူငယ်ပီပီ Rock, Pop, Hip-hop ဆိုတဲ့ ခေတ်ပေါ်တေးသီချင်းအမျိုးမျိုးကို မြန်မာလိုတင်မက အင်္ဂလိပ်လိုရော၊ ရုရှားလိုပါ နားထောင်ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း မြန်မာ့ရိုးရာသီချင်းတွေ၊ ဂန္တ၀င်တေးတွေကိုလည်း ကျွန်တော့်နားက နှစ်နှစ်ခြိုက်ခြိုက် လက်ခံပါတယ်။ "ကဗျာရေးဖို့ထက်၊ ကဗျာကို ဖတ်တတ်ဖို့က ပိုခက်တယ်" လို့ ကြားဖူးတယ် (ဘယ်သူ ပြောခဲ့သလဲတော့ မမှတ်မိတော့ပါ)။ အဲဒီလိုပဲ သီချင်းရေးတာထက် သီချင်းကို ခံစားတတ်ဖို့က ပိုခက်ပါတယ်။  ခုနက မြန်မာသီချင်း ၃ပုဒ်ကို ခံစားမှုနဲ့ နားထောင်ကြည့်မယ်ဆိုရင် သီချင်းထဲမှာ အသံရဲ့အလှ၊ အဓိပ္ပာယ်ရဲ့အလှ၊ ကာရံတွေရဲ့အလှ၊ စကားလုံးတွေရဲ့အလှတွေနဲ့ စည်းစနစ်ကျကျ ရေးဖွဲ့ထားတာကို တွေ့ရပါမယ်။

''လက်ရည်တစ်ပြင်တည်း"ကို အရင်ဆုံး ခံစားကြည့်မယ်ဆိုရင် ရှေးခေတ်က မြန်မာလူမျိုးတို့ရဲ့ ရိုးရှင်းစွာ စားသောက်တတ်တဲ့ဓလေ့ကို သိနိုင်တယ်။ ထန်းပင်၊ ထန်းလက်၊ ထက်ရွက်တွေနဲ့ ဝေေ၀ဆာဆာလှနေတဲ့ အညာမြေက ရွာအလှကို ပုံဖော်ခံစားရင်း ရေခြားမြေခြား တိုင်းတစ်ပါးမှာရောက်နေတဲ့ ကျွန်တော်တို့လို လူတွေအတွက်လည်း ကိုယ့်ရေကိုယ့်မြေကို လွမ်းဆွတ် သတိရစေပါတယ်။ ဒေါင်းလန်းကြီးထဲမှာ ထမင်းနဲ့ဟင်းတွေကို ရောထည့်ပြီး အားလုံးဝိုင်းဖွဲ့စားသောက်တဲ့ ရိုးရာဓလေ့ကို ကြည့်မယ်ဆိုရင် မိသားစုဝင်အချင်းချင်း စည်းလုံးညီညွတ်မှု၊ တစ်ဦးအပေါ်တစ်ဦး မေတ္တာထားရှိမှု၊ ယုံကြည်မှု၊ ချစ်ခြင်းတရား ဆိုတဲ့ တန်ဖိုးတွေ အဲဒီ ထမင်းဝိုင်းမှာ ပျော်ဝင်နေတာ တွေ့ရပါတယ်။ လက်ရည်တစ်ပြင်တည်းဆိုတဲ့ စကားဟာ ဘယ်လောက်အထိ အဓိပ္ပာယ်ရှိသလဲ။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုမရှိဘူး၊ အဆင်အတန်းခွဲခြားမှု ရှိနေတယ်၊ တစ်ယောက်နဲ့တစ်ယောက် မတည့်ဘူးဆိုရင် လက်ရည်တစ်ပြင်တည်း စားဖို့ ဝေးရော၊ ထမင်းဝိုင်းမှာ အတူတူတောင် မထိုင်ကြပါဘူး။  မိသားစုဆိုတာ လူ့အဖွဲ့အစည်းကြီး(community)ရဲ့ အသေးဆုံး unit လေးပါ။ အဲဒီတော့ community ကြီးတစ်ခုလုံး ညီညွတ်ဖို့ဆိုတာ အသေးဆုံးဖြစ်တဲ့ မိသားစုထဲက မိသားစုဝင်တွေ ညီညွတ်ဖို့က အခြေခံပါပဲ။ ထမင်းဝိုင်းဟာ ကျွန်တော်တို့ မြန်မာမိသားစုတွေအတွက် ညီညွတ်ခြင်းရဲ့ သရုပ်သကန်ပါပဲ။ နိုင်ငံတကာမှာလည်းပဲ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှု၊ လေးစားမှု၊ ချစ်ခင်မှုတွေကို သရုပ်ဖော်တဲ့ ယဉ်ကျေးမှုတစ်ရပ်အနေနဲ့ ညစာစားပွဲတွေ လုပ်လေ့ရှိပါတယ်။ အဲဒီတော့ " ညီညွတ်ရေးနဲ့.... အသက်ရှည်ရှည် ခင်ခင်မင်မင်.... လက်ရည်တစ်ပြင်တည်း..... ရှေးကတော့ ပိုချစ်ကြသည်... ''ဆိုတဲ့ သီချင်းစာသားလေးကို ခံစားပြီး တွေးလိုက်ရင် နိုင်ငံရေးလောကမှာ ပြောပြောနေကြတဲ့ ''တိုင်းရင်းသားစည်းလုံးညီညွတ်ရေး''အထိ အဓိပ္ပာယ် သက်ရောက်ပါတယ်။

နောက်သီချင်းတစ်ပုဒ်က မြို့မငြိမ်းရဲ့ "လူချွန်လူကောင်း''။ ဒီသီချင်းကို ကျွန်တော်တို့ ငယ်ငယ် ကျောင်းသားအရွယ်ကတည်းက ကြားဖူးခဲ့တာပါ။ ကျောင်းတွေမှာ အားကစားပြိုင်ပွဲပဲဖြစ်ဖြစ်၊ ဟောပြောပွဲပဲဖြစ်ဖြစ် ပွဲတစ်ခုခုလုပ်တိုင်း ဒီသီချင်းကို အမြဲတမ်း ဖွင့်တော့ မြန်မာနိုင်ငံမှာကျောင်းနေခဲ့ဖူးတဲ့ မြန်မာလူမျိုးတိုင်း ကြားဖူးမယ့် သီချင်းလို့ထင်ပါတယ်။ ဒီသီချင်းရဲ့ အဓိပ္ပာယ်လေးနက်မှု၊ စကားလုံးရွေးတာလှပမှု၊ ဒီသီချင်းကိုရေးတဲ့ မြို့မငြိမ်းရဲ့ အမြော်အမြင်ကြီးမားမှုတွေကို စာရေးဆရာချစ်ဦးညိုက စာပေဟောပြောပွဲတွေမှာ သုံးသတ်ပြလေ့ရှိပါတယ်။ အခုကျွန်တော်က စာရေးဆရာကြီးကို ပူဇော်ကန်တော့သောအားဖြင့် သူ့ရဲ့စာပေဟောပြောမှုတွေကို နားမထောင်ဖူးတဲ့ ကျွန်တော့်မိတ်ဆွေများကို ဒီသီချင်းနဲ့ပတ်သက်ပြီး သူ သုံးသတ်ပြထားတာတွေထဲက အချို့ကို ကောက်နှုတ်တင်ပြလိုပါတယ်။ အရင်ဆုံး သီချင်းခေါင်းစဉ် ရွေးထားတာကို ကြည့်မယ်ဆိုရင် "လူချွန်လူကောင်း''။ စကားလုံးရွေးချယ်မှု ကျစ်လစ်သလောက် အဓိပ္ပာယ်က သိပ်ကောင်းပါတယ်။ "လူချွန်"ဆိုတာ လူတော်၊ ထက်မြက်တဲ့လူ။ "လူကောင်း"ဆိုတာက သီလစောင့်ထိန်းသူ၊ သီလဖြူစင်သူ။ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်တစ်ရပ် တည်ဆောက်ရာမှာ
လူတွေဟာ တော်နေရုံနဲ့မပြီးသေးဘူး၊ ကိုယ်ကျင့်တရားကောင်းမွန်တဲ့၊ သီလလုံခြုံတဲ့ လူကောင်းတွေဖြစ်ဖို့လည်း လိုအပ်တယ်ဆိုတာကို
မြို့မငြိမ်းက ထောက်ပြခဲ့တာပါ။  "ခေတ်မီမီ ကမ္ဘာကြီးကြည့်မြင်'' ဆိုတာက ဒီနေ့ခေတ်မှာ သိပ်ခေတ်စားနေတဲ့ Globalization ကို ပြောတာပါ။ Globalization ဆိုတဲ့ စကားလုံးဟာ ကမ္ဘာမှာ ပေါ်လာတာ ၁၉၉၀ ကျော်မှ ပေါ်လာတာပါ။ ဒါပေမယ့် မြို့မငြိမ်းက ၁၉၅၀ ကျော်လောက်ကတည်းက ဒီစကားလုံးကို တီထွင်ပြီးနေပါပြီ။  သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်းပြောသလိုပဲ။ "သမိုင်းဘာ့ကြောင့်သင်ရသလဲ။ မအအောင်လို့။" ဆိုသလို မြို့မငြိမ်းကလည်း ဒီသီချင်းမှာ "ကမ္ဘာ့သမိုင်းရာဇ၀င်... သုံးသတ်လေ့လာသင်... အကြံဥာဏ်ဝေဖန်မြော်လို့မြင်'' ဆိုပြီး ထည့်ရေးထားပါတယ်။ အချုပ်ပြောရရင် ဒီသီချင်းမှာ အားကစား၊ ကျန်းမာရေး၊ ပညာရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ လျှပ်စစ် စသဖြင့် ကဏ္ကပေါင်းစုံပါပါတယ်။မြို့မငြိမ်းဘယ်လောက် အမြော်အမြင်ကြီးလိုက်သလဲ။ ဒီနေ့ဒီခေတ်မှာ သီချင်းပေါင်းစုံ၊ အဆိုတော်ပေါင်းစုံ နေ့စဉ်နဲ့အမျှ တလှိုင်လှိုင် ထွက်ပါတယ်။ ဒါပေမယ့် သီချင်းတော်တော်များများဟာ ဒီနေ့ပေါ်ပြီး မနက်ဖြန်ပျောက်ပါတယ်။ ကြာရှည်မခံပါဘူး။ ရုရှားစကားပုံတစ်ခုရှိပါတယ်။ "စိန်အစစ်တွေဟာ ဘယ်တော့မှ ပျက်စီးကျေမွ ပျောက်ပျက်မသွားပါဘူး" တဲ့။ အဲဒီလိုပါပဲ။ မြို့မငြိမ်း သေတာ နှစ်ပေါင်း ၅၀ ကျော်ခဲ့ပြီဆိုပေမယ့် သူ့ရဲ့ ဒီ ''လူချွန်လူကောင်း''ဆိုတဲ့ သီချင်းက မသေသေးဘူး။   ပျောက်ပျက်မသွားဘူး။ ဘာဖြစ်လို့လဲ။ စစ်မှန်ပြီး တန်ဖိုးရှိလို့ပါပဲ။

ကျွန်တော်တို့ဟာ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်အနုပညာ ရှိတဲ့ လူမျိုးပါ။ ကျွန်တော်တို့ မြန်မာ့အနုပညာမှာဆိုရင် ယေဘုယျအားဖြင့် ဂုဏ်ရည်၆ရပ် ရှိတယ်လို့ ကြားဖူးတယ်။
- ထိန်းသိမ်းချုပ်ကိုင်ခြင်း။
- စည်းလုံးညီညွတ်ခြင်း။
- အချိုးအစားကျနပြေပြစ်ခြင်း။
- သဘာဝယုတ္တိရှိခြင်း။
- ကာလဒေသနှင့်လျော်ညီထွေရှိခြင်း။
- အဆင်ပြေခြင်း။
ဒီဂုဏ်ရည်တွေနဲ့ ပြည့်စုံတဲ့၊ ဒီတန်ဖိုးတွေနဲ့ ရေးဖွဲ့သီကုံးထားတဲ့ မြန်မာ့သီချင်းတွေကို ခုနကလူငယ် မခံစားတတ်ပါဘူး။ မခံစားတတ်တော့
တန်ဖိုးထားရကောင်းမှန်းလည်း မသိတော့ပါဘူး။ သူ့ခမျာ အနောက်တိုင်းက၀င်လာတဲ့ ယဉ်ကျေးမှုဖြစ်တဲ့ ခေတ်ပေါ်တေးတွေကိုပဲ
နားထောင်လေ့ရှိတဲ့ ပတ်ဝန်းကျင်မှာ မွေးဖွားကြီးပြင်းလာပုံရပါတယ်။ ဒီလိုလူငယ်တွေ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အများကြီးပါပဲ။
ကိုယ့်ယဉ်ကျေးမှုရဲ့ တန်ဖိုးကို နားမလည်ပါဘူး။ တန်ဖိုးထားရကောင်းမှန်း မသိပါဘူး။ အဲဒီတော့ မြန်မာသံဇဉ်တေးတွေ ဖွင့်ထားတာ ကြားရင် တောကြိုအုံကြားကတက်လာတဲ့ကောင်တွေ၊ ခေတ်မမီတဲ့ကောင်တွေ၊ အဆင့်အတန်းမရှိတဲ့ကောင်တွေဆိုတဲ့ သဘောနဲ့
ပြက်ရယ်ပြုတက်ကြပါတယ်။ မြန်မာ့ရိုးရားသီချင်းတွေ နားထောင်ရင် ရှက်စရာလို့သူတို့ မြင်ပါတယ်။ အမှန်က ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်လူမျိုးရဲ့ ဂီတတန်ဖိုးကို အသိအမှတ်မပြုတဲ့အပြင် အထင်သေးတာ၊ ပြက်ရယ်ပြုတာ၊ တိုင်းတစ်ပါးကလာတဲ့ ခေတ်ပေါ်ဂီတကိုမှ ဂီတလို့ မြင်ပြီး အမေကျော်၊ ဒွေးတော်လွမ်းတာကမှ တကယ့်ရှက်စရာပါ။

ကျွန်တော့်တစ်ဝမ်းကွဲညီတစ်ယောက်အကြောင်း ပြောစမ်းပါဦးမယ်။   သူ ၁၀တန်းအောင်တာ သိပ်မကြာသေးပါဘူး။ ၁၀တန်း အစမ်းစာမေးပွဲမှာ အင်္ဂလိပ်ဘာသာကို ၂၅မှတ်နဲ့ ဒီကောင် ကျတယ်။  မြန်မာ Hip-hop သီချင်းတွေ သူကြိုက်တယ်။ ဒါပေမယ့် ဒီကောင်က အင်္ဂလိပ် Hip-hop တွေကို ပိုနားထောင်တယ်။ အဲဒီ Hip-hop ထဲက စာသားတွေကို ဒီကောင် တကယ်နားလည်လို့ နားထောင်တယ် မထင်ပါဘူး။ လူငယ်ဆိုတော့ အင်္ဂလိပ်သီချင်းတွေကို ဆူညံပွက်လောရိုက်နေအောင် ဖွင့်ထားမှ ပတ်ဝန်းကျင်က သူ့ကို အထင်ကြီးမယ်၊ နိုင်ငံခြားသီချင်းတွေကို နားထောင်မှ ခေတ်မီတယ် ထင်ပုံရပါတယ်။

လွန်ခဲ့တဲ့ မတ်လ ၂ရက်နေ့က ကျွန်တော်တို့ကို ရုရှားဘာသာစကားသင်ပေးတဲ့ ဆရာမကြီးဖိတ်လို့ ဘဲလေးအက (Балет)
သွားကြည့်ဖြစ်ပါတယ်။ အရင်ကလည်း အခါအခွင့် သင့်ရင်သင့်သလို သွားကြည့်ဖြစ်ပါတယ်။ (ရုရှားတို့ရဲ့ရိုးရာ ဘဲလေးအကဟာ ကမ္ဘာမှာလည်း နာမည်ကြီးရုံတင်မက နိုင်ငံတော်တော်များများကိုလည်း ယဉ်ကျေးမှုတစ်ရပ်အနေနဲ့ ကူးစပ်ပြန့်နှုံ့သွားပါပြီ။) ပြဇာတ်ရုံကြီးက ဆိုဗီယက်ခေတ်က ပြဇာတ်ရုံကြီးဖြစ်တဲ့အလျောက် ရုရှားတို့ရဲ့ ဗိသုကာလက်ရာတွေနဲ့ ခန်းနားထည်ဝါလှပါတယ်။ သူတို့နိုင်ငံရောက်နေတော့ သူတို့ရဲ့ယဉ်ကျေးမှု၊ သူတို့ရဲ့အနုပညာကို လေ့လာကြည့်ပါတယ်။ အဲဒီနေ့က ရုရှားရဲ့ အမျိုးသားပြဇာတ်ရေးဆရာကြီး ချိုက်ကော့ဗ်စကီ (Чайковский Пётр Ильич)ရဲ့ လက်ရာအမြောက်ဆုံးတွေထဲက ပြဇာတ်တစ်ခုဖြစ်တဲ့ ''ငွေငန်းတို့ ပျော်စံရာ ရေကန်သာ (Лебединое озеро)'' ကို ကပြပါတယ်။''ဇာတ်သမားလာရင် မှတ်သားစရာ ပါရမယ်"တဲ့  မြန်မာဆိုရိုးစကားရှိတယ်မဟုတ်လား။ အဲဒီတော့ ပြဇာတ်ရေးဆရာရဲ့ ပရိတ်သတ်ကိုပေးချင်တဲ့ idea က ဘာလဲ။ စေတနာကဘာလဲ။ အဲဒါကို ရအောင် ခံစားကြည့်မိပါတယ်။ ဒါ့အပြင် ကျွန်တော့်ကို အံ့သြစေတဲ့ အကြောင်းတရားတွေထဲက
တစ်ခုက ဘာလဲဆိုတော့  ဒီလိုကပွဲတွေ လုပ်တိုင်း လူကြီးတွေသာမက ခေတ်လူငယ်တွေပါ ကြိတ်ကြိတ်တိုးအောင် အားပေးကြတာကို
တွေ့ရတာပါပဲ။ အဲဒီ ခေတ်လူငယ်တွေထဲမှာ ခေါင်းမှာ နွားချိုလိုလို၊ ကြံ့ခေါင်းလိုလို ထိုးထိုးထောင်ထောင် လုပ်ထားတဲ့ ဆံပင်ပုံစံတွေနဲ့
လူငယ်တွေလည်း ပါတာတွေ့ရတယ်။ ကကွက် တစ်ကွက်ပြီးတိုင်း လက်ခုတ်သြဘာပေးပြီဆိုရင် အရင်ဆုံး လက်ခုတ်သံထွက်လာတာက
သူတို့ဆီကပဲ။ အမျိုးသားပြဇာတ်ရုံတွေဟာ မြို့တိုင်းမှာရှိပါတယ်။ မြို့ကြီးတွေမှာဆို အနည်းဆုံး ၃ရုံ ၄ရုံလောက် ရှိပါတယ်။
ဆောက်ထားတာတွေကလည်း ခန်းခန်းနားနားပါပဲ။ (ကျွန်တော်တို့ နိုင်ငံမှာ အမျိုးသားပြဇာတ်ရုံရယ်လို့ ဘယ်နှရုံရှိသလဲ။ ခေတ်ပေါ် Live Show နဲ့ ဇာတ်ပွဲ ဘယ်ဟာကို လူငယ်တွေ သွားကြည့်ကြမလဲ)။ ဘဲလေးအကဟာ classical dance ဖြစ်ပေမယ့် လူငယ်တွေဘာကြောင့် ကြိုက်သလဲ။ တစ်ချို့ ပြဇာတ်ရုံကြီးတွေမှာဆို ပြဇာတ်ရဲ့အဖွဲ့ပေါ်မူတည်ပြီး လက်မှတ်ဈေးက ခေတ်ပေါ်နာမည်ကြီး အဆိုတော်တွေရဲ့ live show တွေထက်တောင် ပိုဈေးကြီးနေပါသေးတယ်။ အဲဒီလို ပြဇာတ်မျိုးတွေကြည့်ရဖို့ လက်မှတ်ကို ၂လလောက် ကြိုဝယ်ရတာတွေ ရှိပါတယ်။ ဒီလောက်ခေတ်မီတဲ့ တိုင်းပြည်ကြီးမှာ မိမိလူမျိုးရဲ့ သဘင်ပညာ၊ မိမိလူမျိုးရဲ့ ဂီတ၊ မိမိလူမျိုးရဲ့ ယဉ်ကျေးမှုကို လူငယ်တွေ မြတ်နိုးရကောင်းမှန်း သိအောင်၊ ထိန်းသိမ်းစောင့်ရှောက်ရကောင်းမှန်းသိအောင် ဘယ်လိုအကြောင်းတရားတွေက ပံ့ပိုးထားသလဲ။  "ရှေးထုံးလည်းမပယ်နဲ့၊ ဈေးဆုံးလည်းမလွယ်နဲ့" ဆိုတဲ့ မြန်မာ့ဆိုရိုးစကားကို သွားသတိရမိပါတယ်။ သူတို့ဟာ ဘဲလေးအကရဲ့ ကျောရိုး၊ ဘဲလေးအကရဲ့ ပင်ကိုယ်အနှစ်သာရလည်း မပျောက်ပျက်ရလေအောင်၊ ခေတ်နဲ့လည်းလျော်ညီအောင် ဆန်းသစ်မှုတွေလည်း လုပ်တာကို တွေ့ရပါတယ်။ အကြောင်းတရားက ဒါအကုန်ပဲလား။ ဒါတင်မကပါဘူး။

လွန်ခဲ့တဲ့ ၂ပတ်လောက်က ရုရှားမိတ်ဆွေတစ်ယောက်က အလည်ဖိတ်လို့ သူ့မိသားစုရှိရာ မော်စကိုမြို့လယ် တိုက်ခန်းကို သွားလိုက်ပါတယ်။ သူ့ဇနီး ချက်ထားတဲ့ ရိုးရာ အစားအသောက်တွေကို အတူတူ ၀ိုင်းဖွဲ့ စားသောက်ကြပြီးတဲ့နောက် ဧည့်ခန်းမှာ ထိုင်စကားပြောနေတုန်း သူတို့ရဲ့ သားလေးက စာအုပ်တစ်အုပ်ယူလာပြီး ကျွန်တော့်ကို ပြပါတယ်။ ကလေးက ၄တန်းကျောင်သားလေးပါ။ သူလာပြတာက ပထ၀ီသင်ခန်းစာချိန်မှာ သူကိုယ်တိုင် ဆွဲထားတဲ့ ရုရှားနိုင်ငံမြေပုံတွေပါတဲ့ ပုံဆွဲစာအုပ်လေးပါ။ ကလေးတို့သဘာဝ ကိုယ်ဘယ်လောက်တော်တယ်ဆိုတာကို လူကြီးတွေကို ပြချင်ပုံရပါရဲ့။ ကြည့်လိုက်တော့ ရုရှားမြေပုံရဲ့အောက်မှာ  Excellent ဆိုတဲ့ အဆင့်သတ်မှတ်ချက်ရယ်၊ "မိမိနိုင်ငံကို ချစ်သူ'' လို့အဓိပ္ပာယ်ရတဲ့ မှတ်ချက်လေးရယ်ကို သူတို့ဆရာမက ရုရှားလို ရေးပေးထားတာ တွေ့လိုက်ရတယ်။ ဆရာမလုပ်သူက ဒီကလေးတွေကို နိုင်ငံမြေပုံ ဆွဲတတ်အောင် သင်ပေးရုံတင်မက၊ ပုံလှလှပပဆွဲနိုင်ရင် နိုင်ငံချစ်လို့ပဲဆိုတဲ့ မှတ်ချက်မျိုးရမယ်ဆိုပြီး ကလေးတွေ တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင်ဆွဲခိုင်းတယ်။ ဒါဟာ ဘာကိုပြသလဲဆိုရင် သူတို့နိုင်ငံမှာ ကလေးတွေကို စာလောက်ပဲ သင်ပေးရုံတင်မက၊  ကလေးတွေရဲ့ နှလုံးသားထဲကို မူလတန်းအရွယ်ကတည်းက နိုင်ငံချစ်စိတ်ဆိုတဲ့ မျိုးစေ့လေးကို ထည့်ပေးလိုက်တာပါပဲ။ ပြီးတော့ သူတို့ syllabus မှာ ဂီတဘာသာရပ်ကို ထည့်ထားပေးတာ တွေ့ရတယ်။ အဲဒီတော့ စန္တယားသံတို့၊ အကော်ဒီယံသံ၊ တယောသံတို့ကို ကလေးတွေအနေနဲ့ နားယဉ်နေပြီ။

နောက်တစ်ချက်က ကျွန်တော် ဒီရုရှားမှာ နေလာတာ ၅နှစ်ပြည့်ပါတော့မယ်။ မော်စကိုနဲ့ စမားလင်း မြို့ကြီး၂မြို့မှာ နေဖူးတယ်။ မြို့၎မြို့
သွားလည်ဖူးတယ်။ "အမိနိုင်ငံတော်ကို ချစ်မြတ်နိုးပါ" ဆိုတဲ့ စာတမ်းမျိုးတွေ၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဆောင်ပုဒ်တွေရေးထားတာ၊ ဆိုင်းဘုတ်တွေ ချိတ်ထားတာ ဘယ်မှာမှ မတွေ့ရပါဘူး။ TV channel ပေါင်းများစွာ ထုတ်လွှင့်နေတဲ့အထဲမှာလည်း အဲဒီလို ၀ါဒဖြန့်တဲ့ဟာတွေ၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး ဆောင်ပုဒ်တွေ မတွေ့ရပါဘူး။ ဒါပေမယ့် ရုရှားတွေဟာ သူတို့တိုင်းပြည်ကို ချစ်တဲ့စိတ်၊ နိုင်ငံနဲ့လူမျိုးအတွက် ဂုဏ်ယူတဲ့စိတ် ဘယ်လောက်ပြင်းထန်သလဲဆိုတာကို အားကစားပြိုင်ပွဲတွေ၊ သမိုင်းဆိုင်ရာ နေ့ထူးနေ့မြတ်တွေ၊ ရိုးရာပွဲလမ်းသဘင်တွေမှာ အမြဲတွေ့ရပါတယ်။ တခါတလေမှာ ဘာပွဲလမ်းသဘင်မှ မရှိဘဲ၊ အချိန်အခါမဟုတ်ပါဘဲနဲ့လည်း "Россия, Россия, Россия"ဆိုပြီး လူငယ်တွေ ထအော်တာကိုလည်း ကြားနေရပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် နိုင်ငံကို တကယ်ချစ်တတ်တဲ့ လူမျိုးတွေဖြစ်စေဖို့ "နိုင်ငံကို ချစ်ပါ'' လို့ အမိန့်နဲ့ ခိုင်းလို့မရဘူး၊ အမျိုးသားရေးစိတ်ဓာတ် ရှင်သန်ထက်မြက်စေဖို့ TVတွေ၊ Radio တွေကနေ ၀ါဒဖြန့် ထုတ်လွှင့်နေရုံနဲ့ မလုံလောက်ဘူး၊ နှလုံးသားကို
ငယ်ကတည်းက ပုံသွင်းပေးဖို့ လိုအပ်တယ်ဆိုတာကို သဘောပေါက်မိပါတယ်။

ကျွန်တော်တို့ ရုရှားဘာသာစကားသင်ရတဲ့ အချိန်တွေမှာ ဆရာမတွေက သူတို့ဘာသာစကားဟာ ဝေါဟာရ အင်မတန်ကြွယ်ဝတဲ့
စကားဖြစ်တဲ့အကြောင်း ဂုဏ်ယူစွာနဲ့ ပြောလေ့ရှိပါတယ်။ အဲဒီအခါတိုင်းမှာ "ကျွန်တော်တို့ ဗမာစကားကို ခင်ဗျားတို့ လာသင်ကြည့်ပါလား၊
ဝေါဟာတတွေ ကြွယ်လွန်းတော့ မှတ်ရတာများလို့ ထိုင်ငိုသွားစေရမယ့်လို့" စိတ်ထဲမှာတွေးပြီး ပြုံးမိပါတယ်။ ဟုတ်တယ်။
ကျွန်တော်တို့မြန်မာတွေဟာ ဥပမာ၊ ဥပမေယျ၊ ပုံတိုပတ်စများနဲ့ သိုင်းဝိုင်း ခိုင်းနှိုင်း ပြောဆိုလေ့ရှိကြပါတယ်။ ကျွန်တော်တို့လူမျိုးဟာ
ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင်အက္ခရာရှိတဲ့လူမျိုးပါ။ အာဆီယံနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူဆိုတဲ့ တိုင်းပြည်တွေမှာ
ကိုယ်ပိုင် အက္ခရာမရှိပါဘူး။ သူတို့အသံထွက်ကို အင်္ဂလိပ်လိုရေးရတယ်။ ကျွန်တော့်မှာ အဆောင်အတူနေ
ဗီယက်နမ်သူငယ်ချင်းတွေ ရှိတယ်။ သူတို့ဘာသာနဲ့ရေးထားတဲ့ စာအုပ်တွေ ကျွန်တော့်ကို ပြဖူးတယ်။ သူတို့မှာလည်း ကိုယ်ပိုင်အက္ခရာ မရှိ။ အင်္ဂလိပ်စကားလုံးတွေကို Modified လုပ်ထားတယ်။ ကျွန်တော်တို့ဟာ တိုင်းပြည်ရှိတယ်။ လူမျိုးရှိတယ်။ တိုင်းပြည်သာရှိပြီး လူမျိုးရယ်လို့ သီးခြားမရှိတဲ့ တိုင်းပြည်တွေ ကမ္ဘာမှာ ရှိပါတယ်။ ဥပမာ - စင်ကာပူ။

ကျွန်တော်တို့မှာ အတိတ်ရှိတယ်။ သမိုင်းရှိတယ်။ အတိတ်ရှိသောလူမျိုး၊ သမိုင်းရှိသော လူမျိုးပါ။ ကျွန်တော်တို့မှာ သဒ္ဒါစည်းကမ်းနဲ့ ညီညွတ်တဲ့၊ အလင်္ကာအမျိုးမျိုးနဲ့ ဖွဲ့စည်းထားတဲ့ ကိုယ်ပိုင်စာပေရှိတယ်။ ကိုယ်ပိုင် ကဗျာ ရှိတယ်။ ကဗျာမှာမှ လင်္ကာ၊ တျာချင်း၊ အိုင်ချင်း၊ လေးချိုး စသဖြင့် ရေးနည်းရေးဟန်၊ ဖွဲ့နည်းဖွဲ့ဟန် အမျိုးမျိုး ရှိတယ်။  ကိုယ်ပိုင် ဂီတရှိတယ်။ ကိုယ်ပိုင် သုခုမသဘင်ပညာရှိတယ်။
အခုလို ကျွန်တော်ပြောနေတာတွေဟာ လည်ဂုတ်ပေါ်ဓားမိုးပြီး အုပ်ချုပ်တဲ့ ပဒေသရာဇ်စနစ်ကို တမ်းတလို့လား။ ရှင်ဘုရင်သာချမ်းသာပြီး
တိုင်းသူပြည်သားတွေက ကုန်းကောက်စရာမရှိလောက်အောင် ဆင်းရဲတဲ့ခေတ်ကိုပဲ လွမ်းလို့လား။ ကျွန်တော်လွမ်းတာ အဲဒါတွေမဟုတ်ဘူး။ ဒီဆောင်းပါးအစမှာ ရေးခဲ့တဲ့ ဂီတကိစ္စကို ပြန်ကောက်ရရင်လည်း ကျွန်တော်ဟာ အနောက်တိုင်းတေးဂီတတွေကို
ဆန့်ကျင်နေတာလည်းမဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်ကလည်း အဲဒီ ခေတ်ပေါ်တေးအမျိုးမျိုးကို ခေတ်နဲ့လျော်ညီစွာ နားထောင်ပါတယ်။၂၁ရာစုမှာ နေနေတဲ့ လူတွေဟာ ၂၁ရာစုနဲ့ လိုက်လျောညီထွေအောင် နေရမှာပါ။  ဒါပေမယ့် ကိုယ့်ယဉ်ကျေးမှုရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ကိုယ့်လူမျိုးရဲ့ ဂီတကို မနှစ်သက်လို့ နားမထောင်ရင်တောင်မှ ပြက်ရယ်မပြုသင့်ဘူးလို့ ထင်ပါတယ်။

ဟိုတလောက  သြစတေးလျမှာ နိုင်ငံရေးခိုလုံနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို အင်တာဗျူးလုပ်ထားတာ အင်တာနက်စာမျက်နှာ တစ်ခုမှာ
ကြည့်လိုက်ရပါတယ်။ နိုင်ငံရေးခိုလုံခွင့်ရဖို့၊ ထောက်ပံ့ကြေးရဖို့ ကျွန်တော်တို့နိုင်ငံအတွက်၊ ဒီမိုကရေစီအတွက်
ဘယ်လောက်ပေးဆပ်ချင်တဲ့အကြောင်းတွေ မွှမ်းထူနေအောင် ပြောပါတယ်။ ဒါပေမယ့် တစ်နေရာမှာတော့ ကျွန်တော့်ကို တွေးတောစရာတစ်ခု သူ ပေးလိုက်ပါတယ်။ ဘာလဲဆိုတော့ သူ့သားသမီးတွေကို မြန်မာစကား သင်မထားတဲ့အကြောင်း၊ မိသားစုအတွင်းမှာ အင်္ဂလိပ်လိုပဲ ပြောတဲ့အကြောင်းကို ဂုဏ်ယူစွာနဲ့ပြောပါတယ်။ သားသမီးတွေကို  မြန်မာစကားသင်ပေးဖို့ မလိုအပ်ဘူးလို့ ခံယူထားပုံရပါတယ်။ ဟုတ်ပါတယ်၊ Globalization ဆိုတဲ့ ဒီနေ့ ဒီခေတ်ကြီးထဲမှာ ကျင်လည်မယ့်လူတွေအတွက် အင်္ဂလိပ်ဘာသာစကားဟာ လုံးဝ အခရာပါပဲ။ အင်္ဂလိပ်စကား အတတ်မဖြစ်ပါဘူး။ ဒါပေမယ့် တစ်ဖက်ကလည်း "မြန်မာမှန်လျှင် ငပိကိုမမေ့နဲ့'' ဆိုတဲ့ စကားအတိုင်း ဘယ်နိုင်ငံ ဘယ်တိုင်းပြည်ရောက်ရောက်ကိုယ့်လူမျိုးရဲ့ ဘာသာစကားကိုလည်း မေ့မပစ်သင့်ပါဘူး။ မြန်မာလူမျိုးဖြစ်တဲ့ အားလျော်စွာ ကျွန်တော်တို့ရဲ့ သားသမီးတွေကိုလည်း
ဒီအမွေအနှစ်ကို လက်ဆင့်ကမ်းသင့်ပါတယ်။ ဒါမှ လူမျိုးမပျောက်သလို ဘာသာစကားလည်း ပျောက်မသွားမှာ ဖြစ်ပါတယ်။

အဲဒီတော့ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို တကယ် ချစ်တယ်ဆိုရင် သားသမီးကျင့်ဝတ်ထဲက ''မွေခံထိုက်စေ" ဆိုသလို အမျိုးသားအမွေအနှစ်တွေ(National Heritage)၊ ကိုယ့်လူမျိုးရဲ့ အနုပညာ၊ ကိုယ့်လူမျိုးရဲ့ ဘာသာစကား၊ ကိုယ့်လူမျိုးရဲ့ယဉ်ကျေးမှုတွေကို ကျွန်တော်တို့ မျိုးဆက်က ထိန်းသိမ်းရပါမယ် ။ ကျွန်တော်တို့က မွေးလာတဲ့ မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းနိုင်ရပါမယ်။ ဒါမှလည်း "စောင့်လေမျိုးနွယ်"ဆိုတဲ့ ကျင့်ဝတ်နဲ့အညီ အမျိုးဂုဏ်ကို ထိန်းသိမ်းရာရောက်ပါမယ်။

ကျွန်တော်တို့လူမျိုးရဲ့ ဂီတကို ကျွန်တော်တို့မှ တန်ဖိုးမထားရင် ဘယ်သူတွေက တန်ဖိုးထားမလဲ။
ကျွန်တော်တို့လူမျိုးရဲ့ ဘာသာစကားကို ကျွန်တော်တို့မှ တန်ဖိုးမထားရင် ဘယ်သူတွေက တန်ဖိုးထားမလဲ။
ကျွန်တော်တို့လူမျိုးရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ကျွန်တော်တို့မှ မထိန်းသိမ်းရင် ဘယ်သူတွေက ထိန်းသိမ်းမလဲ။

သြော်
လူ့ ပြည်လောက လူ့ ဘ၀ကား
အိုရ နာရ သေရဦးမည်
မှန်ပေသည်တည့်။
သို့ ပြည်တကား သင်သေသွားသော်
သင်ဖွားသောမြေ သင်တို့ မြေသည်
အခြေတိုးမြင့် ကျန်ကောင်းသင့်၏
သင်၏မျိုးသား စာစကားလည်း
ကြီးပွားတက်မြင့် ကျန်ကောင်းသင့်၏
သင်ဦးချ၍ အမျှဝေရာ
စေတီစာနှင့် သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက် ၀င်းလျက် ကျန်စေသတည်း.......။

(ဆရာဇော်ဂျီ)

No comments:

Post a Comment